ထိုင်ဝမ်ရှိ Taichung မြို့မှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် Wang Yuzhe အမည်ရှိကောင်လေးတစ်ဦးဟာ ဆယ်ကျော်သက်အရွယ်သာရှိသေးပေမဲ့လည်း မိသားစုရဲ့ရုန်းကန်မှုများနှင့်တာဝန်များကို ထမ်းပိုးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိဘများဆုံးပါးသွားခဲ့ပြီး သူနှင့်ညီမဖြစ်သူကို ဘိုးဘွားများကသာ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ အဘိုးအဘွားနဲ့အတူ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာနေခဲ့ရတာက Yuzhe တို့မောင်နှမနှစ်ယောက်အတွက် ကောင်းချီးတစ်ခုဖြစ်ခဲ့ပါတယ်။ အဘိုးရဲ့တက္ကစီမောင်းသမားအဖြစ်လုပ်ကိုင်တဲ့အလုပ်ဟာ Yuzhe တို့မောင်နှမကို ပြုစုပျိုးထောင်ရန် လုံလောက်ခဲ့ပါတယ်။ အဘိုးတို့မှာငွေအများကြီးမရှိပေမယ့်လည်း ၎င်းမောင်နှမရဲ့ဘဝက အဆင်ပြေချောမွေ့ခဲ့ပါတယ်။
ကံမကောင်းစွာဘဲ အဘိုးဖြစ်သူဟာ ကင်ဆာရောဂါကိုစတင်ခံစားလာခဲ့ရချိန်မှာ Yuzhe က ၆ တန်းသာရှိပါသေးတယ်။ အချိန်တွေကုန်လွန်လာတာနှင့်အမျှ အဘိုးရဲ့အခြေအနေကပိုဆိုးလာပြီး ဒီနှစ်နှစ်အတောအတွင်းမှာ အဘိုးဟာ လုံးဝအိပ်ယာထဲလဲသွားခဲ့ပါတယ်။ အဘိုးရဲ့အခြေအနေကြောင့် Yuzhe ဟာ မိသားစုစားနပ်ရိက္ခာဝင်ငွေအတွက် စိုးရိမ်ပူပန်လာခဲ့ရပါတယ်။
ထို့ကြောင့် Yuzhe ဟာ သူ့ရဲ့အချိန်များကို ကျောင်းစာလေ့လာမှုများကိုဆက်လက်လုပ်ဆောင်ရန် သာမက အချိန်ပိုင်းအလုပ်လုပ်ရန် နှင့် အဘိုးအားဂရုစိုက်ရန် လိုအပ်တဲ့အချိန်များကို ပိုင်းခြားထားခဲ့ရပါတယ်။
Yuzhe ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်မှာ ကျောင်းမသွားခင် အဘိုးဖြစ်သူကို ရေချိုးပေးခြင်းနှင့် နှိပ်ပေးခြင်းတို့ပါဝင်ပါတယ်။ မည်သို့ပင်ဆိုစေ Yuzhe ဟာ အဘိုးဖြစ်သူကိုဘယ်တော့အခါမှမညည်းညူခဲ့ပါဘူး။ ” အဘိုးက ကျွန်တော်နဲ့ညီမကို ငယ်စဉ်ကတည်းက ဂရုစိုက်ခဲ့တာပါ ဒါကြောင့် အခု အဘိုးကိုပြန်ဂရုစိုက်ပေးရတာသဘာဝကျပါတယ်” လို့ Yuzhe က ပြောကြားခဲ့ပါတယ်။
Yuzhe က ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်တာကြောင့် တစ်လလျှင် TW 10,000 (ဒေါ်လာ ၃၂၅) ၀န်းကျင်ရရှိပြီး သူ့ရဲ့ဝင်ငွေအများစုက အိမ်ငှါးခနှင့် အဘိုးဖြစ်သူရဲ့ဆေးကုသစရိတ်များသာဖြစ်ခဲ့ပါတယ်။
ခက်ခဲတဲ့အခြေအနေရှိနေပေမဲ့လည်း Yuzhe ဟာ အကောင်းမြင်စိတ်နှင့် အပြုသဘောဆောင်နေဆဲဖြစ်ပါတယ်။ Yuzhe ဟာ barista တစ်ဦးဖြစ်လာရန်နှင့် လက်ရှိမှာ ပိုမိုကောင်းမွန်တဲ့သူ့ဘ၀ရဲ့မျှော်လင့်ချက်တစ်ခုအဖြစ် saxophone တီးမှုတ်ခြင်းကိုပါ သင်ယူနေပါတယ်။ ဆယ်ကျော်သက်ကောင်လေးက အသက် ၁၇ နှစ်သာရှိသေးပေမဲ့လည်း ရင့်ကျက်ပြီး ဥာဏ်ကောင်းပုံရပါတယ်။
ထို့ကြောင့် သူက “ Great Taichung Young Hero” ဆုကို တစ်ကြိမ်မဟုတ်နှစ်ကြိမ်တောင် ချီးမြှင့်ခြင်းခံခဲ့ရပါသေးတယ်။ Yuzhe လေးလည်း အဘိုးဖြစ်သူကို စောင့်ရှောက်ပြုစုပေးရန် သူ့ရဲ့ရည်မှန်းချက်များကိုပါ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်ဗျ။
Mia (Mckzone Daily)
Source : gtgoodtimes
Be the first to comment on "အိပ်ယာထဲလဲနေရတဲ့အဘိုးဖြစ်သူကိုပြုစုပြီး ကျောင်းတက်ရင်း မိသားစုဝင်ငွေအတွက် အချိန်ပိုင်းအလုပ်ပါလုပ်နေရတဲ့ ဆယ်ကျော်သက်ကောင်လေး"