စားနေတဲ့ဟော့ပေါ့အိုးထဲမှာ သုံးပြီးသားကွန်ဒုံးတစ်ခုကိုတွေ့လို့ဆိုပြီး ဆိုင်ပိုင်ရှင်အား လျော်ကြေးငွေတောင်းခံခဲ့တဲ့ အမျိုးသားဖောက်သည်တစ်ဦး

မကြာသေးမီက တရုတ်နိုင်ငံ Sichuan ပြည်နယ် Leshan မြို့ရှိ စားသောက်ဆိုင်တစ်ခု၌ ၎င်းတို့ရဲ့ဟော့ပေါ့အိုးထဲမှာ ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတစ်ခုတွေ့ရှိခဲ့တဲ့အကြောင်းဖြစ်တဲ့ ဖောက်သည်တစ်ဦးရဲ့တိုင်ကြားမှုကို စားသောက်ဆိုင်ပိုင်ရှင်က လက်ခံရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Mr Hu လို့အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့သူငယ်ချင်းနှင့်အတူ ၎င်းဟော့ပေါ့ဆိုင်သို့ သွားခဲ့ကြပါတယ်။ ထို့နောက် Mr Hu တို့သူငယ်ချင်းနှစ်ယောက်ဟာ စားနေရင်းတန်းလန်းနဲ့ ဟော့ပေါ့အိုးထဲမှာ ကွန်ဒုံးတစ်ခုကို တွေ့လိုက်ရပြီးနောက် စားသောက်ဆိုင်ပိုင်ရှင်ကို ချက်ချင်းတိုင်ကြားခဲ့တဲ့အပြင် ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဒေါသထွက်သွားခဲ့တဲ့ Mr Hu က စားသောက်ဆိုင်ပိုင်ရှင်အား အနည်းဆုံး လျော်ကြေးငွေ ယွမ် 10,000 တောင်းခံခဲ့ပြီး ၊မပေးပါက ၎င်းဓာတ်ပုံများကို ဆိုင်နာမည်နှင့်တကွ အွန်လိုင်းပေါ်မှာ တင်သွားမယ်လို့ စားသောက်ဆိုင်ပိုင်ရှင်အား ခြိမ်းခြောက်ခဲ့ပါတယ်။

.

စားသောက်ဆိုင်ရဲ့ဂုဏ်သိက္ခာကို ဘယ်လောက်ဆိုးဆိုးရွားရွားထိခိုက်စေမှာကို သိနေခဲ့ပေမဲ့လည်း အဆိုပါစွပ်စွဲချက်များကို စားသောက်ဆိုင်ပိုင်ရှင်က ငြင်းဆိုခဲ့ပြီး ၎င်းတို့က ချက်ပြုတ်မှုများကို အမြဲတစေစောင့်ကြည့်နေခဲ့တာကြောင့် ဤကဲ့သို့သော အဖြစ်မျိုးမဖြစ်ပျက်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ထို့နောက် စားသောက်ဆိုင်ပိုင်ရှင်က လုံခြုံရေးဗီဒီယိုဖိုင်ကို ပြန်လည်စစ်ဆေးရန် ကြိုးစားခဲ့ပေမဲ့ ကံမကောင်းစွာဘဲ ၎င်းဖောက်သည်တို့ထိုင်တဲ့စားပွဲမှာ CCTV မရှိနေခဲ့ပါဘူး။ ဒါပေမဲ့ စားသောက်ဆိုင်ပိုင်ရှင်က နောက်ထပ်ရွေးချယ်စရာစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်က ၎င်းတို့ရဲ့အပြစ်ကင်းကြောင်း သက်သေပြရန်အတွက် သူမက ပွက်ပွက်ဆူနေတဲ့ ဟော့ပေါ့အိုးထဲမှာ ကွန်ဒုံးအသစ်တစ်ခုကို ၂ နာရီကြာ ထားခဲ့ပြီး စမ်းသပ်တဲ့ဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။ ဟော့ပေါ့ကို ၂ နာရီကြာ စောင့်ကြည့်ပြီးနောက်မှာ ကွန်ဒုံးက အပူရှိန်ကြောင့် ရေနွေးထဲမှဖောင်းလာပြီး အိုးရဲ့အပေါ်ပိုင်းမှ လွင့်ပျံလာခဲ့ပါတယ်။ နောက်ပိုင်းမှာ အရည်ပျော်သွားကာ ၎င်းရဲ့မူရင်းပုံစံ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဆိုပါ စမ်းသပ်မှုရလဒ်များထွက်ပေါ်လာခဲ့ပေမဲ့လည်း အဆိုပါအမျိုးသားက ၎င်းကို မယုံကြည်သေးဘဲ စားသောက်ဆိုင်ပိုင်ရှင်အား ဆက်လက် ခြိမ်းခြောက်နေခဲ့ပါတယ်။

.

ရုတ်တရက်ဆိုသလိုဘဲ စားသောက်ဆိုင်ပိုင်ရှင်က သူငယ်ချင်းဖြစ်သူ ခေါက်ဆွဲဆိုင်ပိုင်ရှင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ကာ ထိုလူက သူ့ဆိုင်သို့ ရောက်ရှိလာတုန်းကလည်း ပြဿနာများ ဖြစ်ပွါးစေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ခေါက်ဆွဲဆိုင်ပိုင်ရှင်က ထိုဖောက်သည်အမျိုးသားဟာ သူ့ဆိုင်ကို ၃ ကြိမ် ဆက်တိုက်ရောက်လာပြီး ၃ ရက်မြောက်နေ့မှာ ခေါက်ဆွဲပန်းကန်လုံးထဲမှာ ၃ စင်တီမီတာ သန်ကောင်တွေ့လို့ဆိုပြီး လျော်ကြေးတောင်းခဲ့သေးတယ်လို့လည်း ပြောပြခဲ့ပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်မျိုး နှစ်ကြိမ်ဆက်တိုက် ကြုံရတာက ထူးဆန်းတယ်လို့ထင်နေခဲ့ကြတာကြောင့် ၎င်းဆိုင်ပိုင်ရှင်နှစ်ဦးစလုံးက ဖြစ်ပျက်ခဲ့တာကို သေချာစုံစမ်းစစ်ဆေးပေးရန် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ထိုအမျိုးသားက ကွန်ဒုံးအား ဟော့ပေါ့ထဲသို့ သူ့ကိုယ်သူ စွန့်ပစ်ခဲ့တဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်သွားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ထိုအမှုကိုဖော်ထုတ်နိုင်ပြီးနောက်မှာ ယခုအခါ Mr Hu ကို ရဲတပ်ဖွဲ့က ၁၄ ရက်ကြာ ထိန်းသိမ်းထားကြောင်း သိရှိခဲ့ရပါတယ်။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "စားနေတဲ့ဟော့ပေါ့အိုးထဲမှာ သုံးပြီးသားကွန်ဒုံးတစ်ခုကိုတွေ့လို့ဆိုပြီး ဆိုင်ပိုင်ရှင်အား လျော်ကြေးငွေတောင်းခံခဲ့တဲ့ အမျိုးသားဖောက်သည်တစ်ဦး"

Leave a comment

Your email address will not be published.


*