မျှော်လင့်မထားတဲ့နေရာများမှာ အချစ်ကိုတွေ့နိုင်တယ်လို့ လူတွေက ဆိုကြပါတယ်။ အသက် 24 နှစ်အရွယ် Nur Afilah Amir Rusdi အမည်ရှိအမျိုးသမီးဟာ သူမရဲ့အနာဂတ်ခင်ပွန်းဖြစ်သူကို ကုန်တိုက်တစ်ခုမှာ တွေ့ဆုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကို မျှဝေခဲ့ပါတယ်။ ” ပြီးခဲ့တဲ့ 2018 ခုနှစ် ဒီဇင်ဘာလမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က Pavilion Mall ရဲ့ကော်ဖီဆိုင်မှာ ကျွန်မက ကျွန်မရဲ့အိမ်ဖော်နှင့် အဆင်မပြေတာကြောင့် တစ်ယောက်တည်း ငိုကြွေးနေခဲ့ရပါတယ်။ ကျွန်မ တစ်ယောက်တည်းငိုကြွေးနေတုန်း ရုတ်တရက် အမျိုးသားတစ်ယောက်က ကျွန်မ ထံ ချဉ်းကပ်လာပြီး ငိုနေတဲ့ ကျွန်မကို နှစ်သိမ့်ပေးခဲ့ပါတယ်။ ပထမတော့ ကျွန်မတစ်ယောက်တည်းရှိနေတော့ သူ ကျွန်မကို အခွင့်ကောင်းယူမှာကို ကြောက်နေခဲ့တယ်။ ဒါပေမယ့် သူ ရိုးသားတယ်ဆိုတာကို ကျွန်မသိခဲ့ရပြီး သူ့ရဲ့ ရိုးသားမှုကြောင့်လည်း ကျွန်မ ရင်ခုန်သွားခဲ့တယ်။
.
ဒါကို ကံကြမ္မာလို့ ယုံကြည်ခဲ့လို့ အလ္လာဟ်အရှင်မြတ်က သူ့ကို ကျွန်မဆီ ပို့ဆောင်ပေးခဲ့ပါတယ် ” လို့ Fila က ရေးသားမျှဝေခဲ့ပါတယ်။ ဒါပေမယ့် အသက် 26 နှစ်အရွယ် Adama Mohamed Camara အမည်ရှိအဆိုပါအမျိုးသားဟာ အနောက်အာဖရိက Guinea နိုင်ငံသားဖြစ်ပြီး မလေးရှား Terengganu ပြည်နယ်ရှိ Universiti Sultan Zainal Abidin မှာ မဟာဘွဲ့ကိုသင်ယူနေသူ ဖြစ်သလို သူ့မှာလည်း Fila နဲ့ပတ်သက်ပြီး အကြံရှိနေခဲ့ပါတယ်။ ” Fila ငိုနေတာကို ကျွန်တော် သတိပြုမိတဲ့အခါ ကျွန်တော့်ဆီ ဆွဲခေါ်ပြီး နှစ်သိမ့်ပေးချင်ခဲ့တယ်။ ဒါ့ကြောင့် သူမဘယ်သူလဲဆိုတာ မသိခဲ့ဘဲနဲ့ သူမနား ချဉ်းကပ်ခဲ့တာပါ။ Fila နဲ့ ပတ်သက်ပြီး ကျွန်တော် အနှစ်သက်ဆုံးက သူမဟာ ထက်မြက်ပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ပါ။
.
နေရာတော်တော်များများကို ခရီးထွက်ဖူးပေမယ့် သူ့လောက်လှပတဲ့ တခြားအမျိုးသမီးကို မတွေ့ဖူးခဲ့ပါဘူး။ ကျွန်တော် သူမနဲ့ပတ်သက်သမျှအားလုံးကို ချစ်တယ် ” လို့ Adama က ပြောကြားခဲ့ပါတယ်။ ထို့နောက် မကြာခင်မှာဘဲ ၎င်းတို့နှစ်ယောက်က စုံတွဲတွေဖြစ်လာခဲ့ကြပါတယ်။ ၎င်းတို့ ပထမဆုံးတွေ့ပြီး နှစ်လအကြာမှာတော့ Adama က Fila ကို ဆော်ဒီအာရေးဗီးယားသို့ ဘုရားဖူးထွက်ဖို့ ဖိတ်ခဲ့ပါတယ်။ ဒါပေမယ့် Fila က သူမတို့အိမ်ထောင်မပြုသေးတဲ့အတွက် သူ့နဲ့အတူ နှစ်ယောက်သား မသွားနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ထိုအရာကြောင့်ဘဲ မကြာခင်မှာ ၎င်းတို့နှစ်ဦးသား လက်ထပ်ဖို့ ဆွေးနွေးမှုတွေဖြစ်လာခဲ့ကာ Adama က ၎င်းတို့လက်ထပ်ဖို့အတွက် Fila ရဲ့မိဘတွေဆီက ခွင့်ပြုချက်တောင်းရန် Fila နှင့်အတူအိမ်ပြန်လိုက်ခဲ့ပါတော့တယ်။
.
“ ကျွန်မနဲ့လက်ထပ်ဖို့အတွက် Adama က အဖေ့ဆီ ခွင့်ပြုချက်တောင်းတော့ အဖေက စာရွက်စာတမ်းတွေအဆင်သင့်ဖြစ်သရွေ့ သူ သဘောတူတယ်လို့ ပြောခဲ့တယ်။ အဖေက အရမ်း သေသပ်ပြီး ဇီဇာကြောင်တာကြောင့် သူ သဘောတူသရွေ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ကျွန်မ ယုံကြည်ပါတယ် ” လို့ Fila က ဆိုခဲ့ပါတယ်။ ထို့နောက် နောက်ဆုံးမှာ ၎င်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ မိသားစု ၊ သူငယ်ချင်းများနှင့်အတူ မင်္ဂလာပွဲအသေးစားလေးဖြင့် လက်ထပ်ခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ ဇာတ်လမ်းက ကျွန်တော်တို့ဟာ တကယ် မျှော်လင့်မထားတဲ့ အခြေအနေတွေမှာလည်း အချစ်ကို ရှာတွေ့နိုင်တယ်ဆိုတာကို သက်သေပြနေတာပါပဲလေ ။
Mia (Mckzone daily)
Reference : rachfeed
Be the first to comment on "ကုန်တိုက်တစ်ခုမှာ တစ်ယောက်တည်း ငိုနေခဲ့စဉ်က သူမအား နှစ်သိမ့်ပေးခဲ့တဲ့ သူစိမ်းအမျိုးသားအား မြင်မြင်ချင်းချစ်မိကာ လက်ထပ်ယူခဲ့တဲ့ မိန်းကလေး"