အရုပ်တွေကို မချတမ်း သယ်သွားသယ်လာတတ်တဲ့မျောက်ဝံမကြီးက ချစ်ဖို့ကောင်းတယ်ထင်ရပေမဲ့ ၎င်းရဲ့နောက်ကွယ်မှာ ကြေကွဲဖွယ်အဖြစ်အပျက်ရှိနေခဲ့

အမေရိကနိုင်ငံ Washington မြို့ရှိ တိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် Foxie အမည်ရှိချင်ပန်ဇီမျောက်ဝံမကြီးတစ်ကောင်ဟာ ပုံမှန်အားဖြင့် သူမရဲ့လက်နှင့် ပါးစပ်မှာ အရုပ်တစ်ရုပ်ရှိနေတာကို လူအများက သတိထားမိနေခဲ့ပါတယ်။ Foxie ဟာ အရုပ်များကို အလွန်ချစ်မြတ်နိုးပြီး အရုပ်များကို ဂရုတစိုက် ကိုင်တွယ်တတ်သူပါဘဲ။ ထိုမြင်ကွင်းက လူတော်တော်များများအတွက် ချစ်စရာကောင်းပြီး ရယ်စရာဖြစ်နိုင်ပေမယ့်လည်း တကယ်တော့ ဒီချစ်စရာကောင်းပြီး ရယ်စရာကောင်းတဲ့ မြင်ကွင်းနောက်ကွယ်မှာတော့ ချင်ပန်ဇီ Foxie လေးရဲ့ဝမ်းနည်းစရာကောင်းတဲ့ လျှို့ဝှက်မှတ်တမ်းတစ်ခုရှိနေခဲ့ပါတယ်။

Foxie ဟာ ဒေသခံတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်းမှာ အခြေချနေထိုင်ခြင်းမပြုမီ သူမဟာ မရေမတွက်နိုင်တဲ့စမ်းသပ်မှုများစွာဖြင့် ဆေးဝါးဓာတ်ခွဲခန်းအတွင်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဓာတ်ခွဲခန်းတိရိစ္ဆာန်တစ်ကောင်ဘဲဖြစ်ပါတယ်။ သူမဟာ 12 နှစ်ကြာအောင် စမ်းသပ်ဆေးဝါးအတွက် ဓါတ်ခွဲခန်းကြွက်တစ်ကောင်သာ ဖြစ်ခဲ့ရပါတယ်။ သူမရဲ့အမျိုးအနွယ်များရဲ့စမ်းသပ်မှု ရည်ရွယ်ချက်အတွက် သူမက ခွဲခြမ်းစိတ်ဖြာခံရမည့်အန္တရာယ်ကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ 12 နှစ်အတွင်း သူမက ကလေးလေးယောက်ကို မွေးဖွားခဲ့ပေမဲ့လည်း သူမရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ၎င်းတို့အားလုံးကိုထိန်းကျောင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

သူမကလေးမွေးစဉ်က သုတေသနပညာရှင်များဟာ သူမရဲ့ရင်သွေးငယ်များကို မိခင်နှင့်အတူ မရှိစေဘဲ ဖယ်ထုတ်ခဲ့သလို စိတ်မကောင်းစွာနဲ့ပဲ သူမရဲ့ကလေးတို့မှာလည်း သူမနဲ့ ကံကြမ္မာချင်းတူနေခဲ့ရပါတယ်။ Foxie အသက်ကြီးလာတာနှင့်အမျှ ကုမ္ပဏီက Foxie မှာ ငွေရှာရန် အခွင့်အလမ်းနည်းပါးလာတာကို သိရှိလာတာကြောင့် Foxie အား Local Chimpanzee Medicare Organisation သို့ ပေးပို့ရန် ဆုံးဖြတ်ခဲ့ပါတယ်။ Local Chimpanzee Medicare Organization က သူမအား ရက်စက်ကြမ်းကြုတ်တဲ့ စမ်းသပ်မှုများမှ လွတ်မြောက်နိုင်ခဲ့ပြီး ၎င်းက သူမအား သူမရဲ့ဘဝတစ်လျှောက်လုံး လွတ်လပ်စွာနေထိုင်ရန် အခွင့်အရေးအသစ်ကို ပေးခဲ့ပါတယ်။

သို့ပေမဲ့ 12 နှစ်ကြာ အဆက်မပြတ် စမ်းသပ်မှုများနှင့် လှောင်အိမ်ထဲမှာရှိနေခြင်းက Foxie အတွက် ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်စေခဲ့ပါတယ်။ Foxie ဟာ အချိန်အတော်ကြာ စမ်းသပ်မှု ဘာသာရပ်မှာ ပါဝင်ခဲ့ရပြီး သူမရဲ့ကလေးများအား သူမထံမှ အတင်းအကျပ် ခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့အတွက်ကြောင့် သူမဟာ စိတ်ဓာတ်ကျတဲ့ရောဂါကို ခံစားလာခဲ့ရပါတယ်။ Foxie ရဲ့စိတ်ခံစားချက်ကို သက်သာစေရန်အတွက် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ ဝန်ထမ်းများက သူမ ကစားရန် အရုပ်များစွာ ယူဆောင်လာပေးခဲ့ပါတယ်။ ဒါ့ကြောင့် Foxie မှာ ခေါင်းလောင်းများ ၊ ဘောလုံးများ ၊ အရုပ်များနှင့် အခြားရွေးချယ်စရာ အရုပ်များစွာရှိနေပါတယ်။

မထင်မှတ်ပဲ Foxie ဟာ ပထမဆုံး ရလိုက်တဲ့ အရုပ်တစ်ရုပ်ကို ကြိုက်ခဲ့တဲ့အချိန်မှစပြီး သူမအား ထိုအရုပ်နှင့်ခွဲထားလို့မရတော့ပါဘူး။ Foxie က သူမရဲ့ကလေးများကို လွမ်းဆွတ်နေပြီး ယခင်က ကလေးများနှင့်အတူ မရှိနေနိုင်ခဲ့တဲ့အတွက် စိတ်ဓာတ်ကျနေခဲ့ရကြောင်း ဝန်ထမ်းများက ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် သူမက ပျောက်ဆုံးသွားတဲ့မိခင်မေတ္တာကို ဖြည့်ဆည်းရန်ကြိုးစားရင်း အရုပ်ကို သူမကလေးအဖြစ် မှတ်ယူခဲ့ပုံရတယ်လို့လည်း ဆိုခဲ့ကြပါတယ်။ Foxie ရဲ့ဇာတ်လမ်းကို မီဒီယာတွေဆီ ထုတ်ဖော်လိုက်တဲ့အခါ လူများစွာဟာ Foxie ရဲ့ ဇာတ်လမ်းကြောင့် ရင်ကွဲသွားခဲ့ကြပြီး စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

လူအများအပြားက Foxie အား ဆုံးရှုံးသွားတဲ့မိခင်မေတ္တာကို သားသမီးများအတွက် ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် Foxie ထံသို့ အရုပ်အမျိုးမျိုးကို စတင်ပေးအပ်လာခဲ့ကြပါတယ်။

ယခုအခါ Foxie ဟာ အရုပ်ရာဂဏန်းရှိတဲ့ မိခင်တစ်ဦးဖြစ်နေပြီး ဝန်ထမ်းများကလည်း Foxie ရဲ့ညစ်ပတ်ပြီး ပျက်စီးသွားတဲ့ အရုပ်များကို သန့်ရှင်းရေးလုပ်ပြီး ပြန်လည်ပြုပြင်ပေးလျက်ရှိကြပါတယ်။ ထိုကလေးအရုပ်များရဲ့ အကူအညီဖြင့် Foxie ဟာ သူမရဲ့စိတ်ကျရောဂါမှပြန်လည်ကောင်းမွန်လာပြီး နောက်ဆုံးမှာ ပျော်ရွှင်စွာနေထိုင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "အရုပ်တွေကို မချတမ်း သယ်သွားသယ်လာတတ်တဲ့မျောက်ဝံမကြီးက ချစ်ဖို့ကောင်းတယ်ထင်ရပေမဲ့ ၎င်းရဲ့နောက်ကွယ်မှာ ကြေကွဲဖွယ်အဖြစ်အပျက်ရှိနေခဲ့"

Leave a comment

Your email address will not be published.


*