ကူးစက်ရောဂါဖြစ်ပွားပြီး မကြာမီ စင်္ကာပူနိုင်ငံ ဟာ တာရိုးကိုဖြတ်တဲ့ အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားနိုင်ငံများနှင့် နယ်နိမိတ်များကို ပိတ်ပင်ခဲ့ပါတယ်။ ထို့ကြောင့် စင်္ကာပူမှာ အသက်မွေးဝမ်းကျောင်းပြုကြတဲ့ မလေးရှားနိုင်ငံသားအများအပြားက ၎င်းတို့ရဲ့ချစ်ရသူများနှင့် အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီး ၎င်းတို့ရဲ့မွေးဇာတိနေအိမ်သို့ ပုံမှန်လို ခရီးမထွက်နိုင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံမှ အမျိုးသားတစ်ဦးက စင်္ကာပူမှာ အလုပ်လုပ်ရင်း အိမ်ပြန်ဖို့ ၂ နှစ်နီးပါးကြာသွားတဲ့ ဇနီးဖြစ်သူရဲ့ အိမ်အပြန်ခရီး ဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ကြည်နူးစရာကောင်းပြီး မျက်ရည်များကျရတဲ့ ပြန်လည်ဆုံဆည်းမှုဖြစ်ခဲ့တဲ့ အဆိုပါဗီဒီယိုက အင်တာနက်အသုံးပြုသူများရဲ့နှလုံးသားကို ဆွဲဆောင်ခဲ့ပြီး မျှဝေသူ 5,000 နီးပါး ရရှိခဲ့ပါတယ်။
.
ဗီဒီယိုထဲမှာတော့ ခင်ပွန်းသည်က သူ့အမျိုးသမီးကို သူ့ကားနားရောက်တာနဲ့ ပန်းစည်းတွေနဲ့ အံ့အားသင့်စေခဲ့ပါတယ်။ ပန်းများလက်ခံရရှိချိန်မှာ ဇနီးဖြစ်သူက ချိုမြိန်တဲ့အမူအရာဖြင့် စိတ်လှုပ်ရှားပျော်ရွှင်မှုဖြင့် ဟစ်အော်လိုက်ပါတယ်။ သူဟာ ကားမောင်းရင်း စကားစမြည်ပြောရင်း သူ့ဇနီးနဲ့ မိသားစုထဲက အားလုံးကို အံ့အားသင့်စေတော့မယ့်အကြောင်း ပရိသတ်များကိုလည်း ပြောပြခဲ့ပါတယ်။ ဇနီးဖြစ်သူ အိမ်ကနေ ထွက်လာခဲ့တုန်းက ၎င်းတို့ရဲ့သမီး အငယ်ဆုံးက အသက် ၁ နှစ်တောင် မပြည့်သေးပါဘူး။ လင်မယားနှစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ ခင်ပွန်းသည်က ကလေးတွေ သံသယမ၀င်အောင် အိမ်ထဲ အရင်ဝင်ခဲ့ပါတယ်။
.
ထို့နောက် ၎င်းတို့ရဲ့သမီး နှစ်ယောက်စလုံးက သာမန်ထက် ဘာမှ ထူးထူးခြားခြား နားမလည်ပေမဲ့ သမီးငယ်လေးက တံခါးဝမှာ ရင်းနှီးတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရပါတယ်။ ထို့နောက် မိခင်ဖြစ်သူကိုကြည့်ရင်း ကလေးမလေးက အံ့ဩစွာ အော်လိုက်ပြီးနောက်မှာတော့ မိခင်ဖြစ်သူက အိမ်ထဲသို့ ချီတုံချတုံ ခြေလှမ်းနှစ်လှမ်းဖြင့် လှမ်းပြီး သမီးဖြစ်သူကို ဖက်လိုက်ပါတယ်။ ဒီလိုဖြစ်ပျက်နေချိန်မှာတော့ သမီးကြီးဟာ တုန်လှုပ်သွားသလိုမျိုး တအံ့တဩနဲ့ တစ်ခဏငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူက ၎င်းတို့အိမ်ထဲကို ဝင်သွားတဲ့အခါ သမီးကြီးကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး အမေ့ရင်ခွင်ထဲကိုပြေးဝင်လာကာ သူမကို ပွေ့ဖက်ထားလိုက်ပါတယ်။
.
ထိုအခိုက်အတန့်ကို အဆိုပါမိခင်ဖြစ်သူရဲ့မိခင်လို့ ယူဆရတဲ့ အသက်ကြီးသူ အမျိုးသမီးတစ်ဦးက သူမရှေ့မှာ ကြီးမားတဲ့ အပြုံးတစ်ခုနှင့်ရယ်မောကာ ဗီဒီယိုရိုက်ပေးနေခဲ့တာပါ။ ထို့နောက် အိမ်ကို အများကြီးလွှမ်းနေတဲ့ အဆိုပါအမျိုးသမီးက သူမရဲ့မခင်ထံသို့လည်း ပြေးလာခဲ့ပါသေးတယ်။ ပထမတော့ သူမရဲ့မိခင်က သူမရဲ့လက်ကို ရွှတ်ကနဲ့ ရိုက်ပြီး ” နင် ငါ့ကိုဘာလို့လိမ်တာလဲ!” လို့ဆိုကာ သမီးကို နောက်တစ်ကြိမ်တွေ့ရတဲ့ပျော်ရွှင်မှုကိုမထိန်းနိုင်ဘဲ နှစ်ယောက်သား အကြာကြီး ပွေ့ဖက်ထားခဲ့ကြပါတယ်။
.
ထို့နောက် သူမဟာ အတွင်းခန်းထဲမှာရှိတဲ့ သူမရဲ့ အဒေါ် ၊ ဦးလေးတို့နှင့်အတူ ဖခင်ဖြစ်သူကိုလည်း ပျော်ရွှင် စိတ်လှုပ်ရှားစွာ နှုတ်ဆက်ခဲ့ပါတယ်။ နောက်ဆုံးမှာ အဆိုပါ ခင်ပွန်းဖြစ်သူအမျိုးသားဟာ နိုင်ငံရပ်ခြားမှာ ရှိနေကြသူများကို မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရန် အိမ်ပြန်ခရီး ချောမွေ့စွာ ပြန်ရောက်ပါစေကြောင်း ဆုတောင်းပေးခဲ့ပြီး ၎င်းတို့မိသားစုရဲ့ ကြည်နူးဖွယ် ဗီဒီယိုကို နိဂုံးချုပ်လိုက်တဲ့အပြင် ကူးစက်ရောဂါ တည်ငြိမ်လာတာနှင့်အမျှ တစ်နေရာစီရှိနေကြရတဲ့ အခြားသောမိသားစုများလည်း ၎င်းတို့ရဲ့ချစ်ရသူများနှင့် အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ပါစေလို့လည်း ဆုတောင်းစကားများ ရေးသားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : mustsharenews
Be the first to comment on "၂ နှစ်ကြာမှ အိမ်သို့ပြန်လာကာ မတွေ့ရတာကြာပြီဖြစ်တဲ့ သမီးလေးတွေနဲ့ ပျော်ရွှင်စွာ ပွေ့ဖက်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ကြည်နူးဖွယ်မြင်ကွင်း (ရုပ်သံ)"