မွေးကင်းစလူသားကလေးငယ်လေးကို အသည်းယားကာ စိတ်ဝင်တစားနဲ့ အနီးကပ်သွားကြည့်နေခဲ့တဲ့ မိခင်ဂေါ်ရီလာမျောက်ဝံမကြီး (ရုပ်သံ)

မကြာသေးမီက တိရိစ္ဆာန်ရုံသို့ သွားရောက်လည်ပတ်ခြင်းဟာ အမေရိကန်နိုင်ငံ Maine ပြည်နယ်အခြေစိုက် မိသားစုတစ်စုအတွက် တစ်သက်တွင် တစ်ကြိမ်သာ အတွေ့အကြုံတစ်ခု ဖြစ်လာခဲ့ပါတယ်။ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ အနောက်ကုန်းမြေနိမ့်ဂေါ်ရီလာမျောက်ဝံမကြီးတစ်ကောင်က အရံအတားတစ်ခုရှေ့၌ ၎င်းတို့မိသားစုအား အနီးကပ်လာရောက်တွေ့ဆုံတဲ့အခါမှာ ထူးခြားသောမိခင်နှောင်ကြိုးက ဘာကိုဆိုလိုသည်ကို သိရှိလိုက်ရပါတယ်။ Emmelina Austin အမည်ရှိမိခင် ၊ သူမခင်ပွန်း Michael နှင့် ၎င်းတို့၏တစ်လသားအရွယ်သား Canyon တို့ဟာ Boston မြို့ရှိ Franklin Park တိရစ္ဆာန်ရုံသို့ သွားရောက်လည်ပတ်ခဲ့ကြပေမဲ့လည်း အံ့ဩဖွယ်ကောင်းတဲ့ အခိုက်အတန့်များကို ခံစားကြရတော့မှာကို ကြိုမသိထားခဲ့ကြပါဘူး။

.

“ အဲဒီနေ့က တိရိစ္ဆာန်ရုံထဲကို လျှောက်သွားတဲ့အခါ ဒီလိုအတွေ့အကြုံမျိုး ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့မိဘူး” ဟု မိခင်ဖြစ်သူက ဆိုခဲ့ပါတယ်။ မိခင်အသစ်ဖြစ်တဲ့ Emmelina ဟာ မှန်သားပြင်ကြီးရဲ့ရှေ့မှာရပ်ပြီး မိခင်ဂေါ်ရီလာမကြီးကိုကြည့်နေတဲ့အခါမှာ သူမရဲ့ရင်သွေးလေးကို ရင်ခွင်ထဲပွေ့ချီထားခဲ့ပါတယ်။ Emmelina တို့သားအမိဟာ တိရိစ္ဆာန်ရုံ၏ အကျော်ကြားဆုံးနေထိုင်သူများထဲမှ မိခင်ဂေါ်ရီလာမျောက်ဝံမကြီးတစ်ကောင်ဖြစ်သည့် မိခင် Kiki နှင့် သူမ၏ 7 လသားသားလေး Pablo တို့နဲ့တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ မိခင် Emmelina နဲ့ မွေးကင်းစကလေးက ခဏရပ်ပြီး ၎င်းမျောက်ဝံမကြီးကိုကြည့်လိုက်ကြပေမယ့် ထူးထူးခြားခြား ချစ်စရာကောင်းတဲ့ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါတယ်။

ထိုအချိန်မှာ Kiki နှင့် သူမရဲ့ကလေးက အရံအတားရဲ့မှန်သားပြင်အနီးသို့ ချဉ်းကပ်လာကြပြီးနောက်မှာ Emmelina ကလည်း အလားတူ မှန်သားပြင်အနီး ချဉ်းကပ်သွားခဲ့ပါတယ်။ ထို့နောက် မိနစ်အတော်ကြာအောင် မိခင်နှစ်ဦးတို့ဟာ အချင်းချင်း အနီးကပ် မျက်နှာချင်းဆိုင်ထိုင်ကြည့်ပြီး ၎င်းတို့ရဲ့ရင်သွေးငယ်များကို အတတ်နိုင်ဆုံး အနုဆုံးနည်းဖြင့် မိခင်နှောင်ကြိုးချည်နှောင်ခဲ့ကြပါတယ်။ KiKi ကလည်း Emmelina ရဲ့ရင်သွေးလေးကို သဘောကျပြီး မှန်သားပြင်ရဲ့အခြားဘက်ကနေ လက်လှမ်းတို့နေခဲ့သလို Emmelina ကလည်း Pablo လေးက ချစ်ဖို့ကောင်းကြောင်း ပြောဆိုနေခဲ့ပါတယ်။ ဒီလိုနက်နဲတဲ့ မိခင်အချင်းချင်း ဆက်သွယ်မှုမျိုးက သင် အမှန်တကယ် တွေ့ကြုံနားလည်ဖို့ လိုအပ်ပါတယ်။

ခင်ပွန်း Michael ဟာ ၎င်းဖြစ်ရပ်တစ်ခုလုံးကို ၎င်း၏ဆဲလ်ဖုန်းဖြင့်ဖမ်းယူခဲ့ပြီး ၎င်းဗီဒီယိုဟာလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ဇနီးက Kiki ကိုပြသဖို့ သားလေးကို ချီထားခဲ့တယ် ၊ အဲဒီနောက် Kiki ကလည်း သူမရဲ့ သားလေး Pablo ကို သူမရဲ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ကျွန်တော်တို့ဆီလာပြလိုက်သေးတယ်။ ဒါဟာ အံ့သြစရာအကောင်းဆုံး အတွေ့အကြုံတွေထဲက တစ်ခုပါ။ Kiki က သူမရဲ့လက်နဲ့ ကျွန်တော်တို့ကို စကားပြောနေခဲ့တယ်။ အဲ့အခိုက်အတန့်လေးကိုကြည့်ရင်း ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက မျက်ရည်တွေဝဲနေခဲ့သေးတယ် ”လို့ Michael က ရှင်းပြခဲ့ပါတယ်။ ကွဲပြားမှုများရှိပေမဲ့လည်း ဤမှော်ဆန်သည့်အခိုက်အတန့်တွင် မိခင်နှစ်ဦးဟာ အလွန်တူညီသောဘာသာစကားကို ပြောဆိုခဲ့ကြပါတယ်။

Emmelina ဟာ သူမအတွက် မကြာခင် အချိန်မရွေး မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်နေမဲ့ ထူးခြားသောနှောင်ကြိုးကို အလွန်သဘောကျနေခဲ့ပါတယ်။ “ သားလေးကိုကြည့်နေတဲ့ KiKi ရဲ့မျက်နှာက သိပ်ကို ချစ်ကျွမ်းဝင်နေခဲ့တယ် ၊ သူမက ဂူထောင့်နားကနေ Canyon လေးကို စိတ်ဝင်တစားထိုင်ကြည့်နေတယ်ခဲ့တယ်၊ ပြီးကျ့ သူမက သူမရဲ့ကလေးကိုပါ ခေါ်ပြလိုက်သေးတယ် ” လို့လည်း မိခင် Emmelina က ထပ်မံပြောကြားခဲ့ပါသေးတယ်။

ဒီတော့ မတူကွဲပြားမှုရှိနေပေမဲ့လည်း ချစ်စရာကောင်းတဲ့ မိခင်ဆက်သွယ်မှုမျိုးဖြင့် အချင်းချင်းဆက်သွယ်ခဲ့ကြတဲ့ Emmelina နှင့် KiKi တို့ရဲ့ပုံရိပ်မြင်ကွင်းများကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်ဗျ ။

Jasmine (Mckzone daily)

Reference : 3lstories

Be the first to comment on "မွေးကင်းစလူသားကလေးငယ်လေးကို အသည်းယားကာ စိတ်ဝင်တစားနဲ့ အနီးကပ်သွားကြည့်နေခဲ့တဲ့ မိခင်ဂေါ်ရီလာမျောက်ဝံမကြီး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*