” ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ် ” ဆိုတဲ့ စိတ်အားထက်သန်တဲ့စကားတစ်ခွန်းရှိပါတယ်။ မလေးရှားနိုင်ငံရှိ Buayan National Primary School မှ ဆရာများဖြစ်ကြတဲ့ Tay Oi Leng အမည်ရှိဆရာတစ်ဦး ၊Jeffrey Joseph အမည်ရှိဆရာတစ်ဦး နှင့် Zeabenia Mositol အမည်ရှိဆရာမတို့သုံးဦးဟာ သုံးပတ်ကြာ ကျောင်းပျက်ကွက်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကျောင်းသားတစ်ဦးအား ကျောင်းသို့ပြန်လာစေရန် ၇.၄ မိုင်အကွာအဝေးရှိတဲ့ ထိုကျောင်းသားရဲ့နေအိမ်သို့ ခြေလျင်ဖြင့် သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ အဆိုပါဆရာသုံးဦးက ထိုကျောင်းသားထံ သွားရောက်လည်ပတ်ပြီးနောက် ၊ ၎င်းတို့ရဲ့အပြန်ခရီးအတွက် သုံးနာရီကြာ လမ်းလျှောက်ခဲ့ရကြောင်း Matius Kusop အမည်ရှိ Buayan National Primary School ရဲ့ကျောင်းအုပ်ကြီးရဲ့အဆိုအရ သိရပါတယ်။
.
ထို့ပြင် ထိုကျောင်းသားအား ကျောင်းပြန်တက်ရန် စည်းရုံးဖို့က ထိုဆရာသုံးဦးတို့ရဲ့ဒုတိယမြောက် ကြိုးစားအားထုတ်မှုဘဲဖြစ်တယ်လို့ Matius Kusop က ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့ရဲ့ဆရာတွေက Kampung Pongobonon မှာရှိတဲ့ ထိုကျောင်းသားရဲ့နေအိမ်ကို သွားရောက်လည်ပတ်တော့ ထိုကျောင်းသားရဲ့မိဘများနဲ့သာ အရင်တွေ့ဆုံခဲ့ကြပါတယ်။ ထိုကျောင်းသားရဲ့မိဘများမှ ၎င်းရဲ့ခြေဖဝါးအနာမသက်သာသေးလို့ ကျောင်းသို့ မလာနိုင်တာကိုလည်း သိခဲ့ရပါတယ်။
သို့ပေမဲ့ နောက်ပိုင်းမှာ ထိုကျောင်းသားက သူ့ရဲ့ခြေဖဝါး ပြန်လည်ကောင်းမွန်လာခဲ့ပေမဲ့လည်း ကျောင်းတက်ဖို့ ငြင်းဆန်နေခဲ့ကြောင်း သိရခဲ့ရပါတယ်။ ထိုကျောင်းသားရဲ့အစ်ကိုက အသက် 6 နှစ်အရွယ်တုန်းက ကျောင်းထွက်ခဲ့ရပါတယ်။ ဒါက အရင်အချိန်က ကလေးများ နေ့စဉ်ခရီးဝေးသွားလာရတာမို့လို့ နားလည်နိုင်ပါတယ်။
.
အခုချိန်မှာတော့ ကျောင်းက အဆောင်တွေ ထောက်ပံ့ပေးထားပြီး ဆရာများကလည်း သူတို့အား ကျွေးမွေးပြုစုပေးနေပါပြီဖြစ်ပါတယ်၊ ဒါပေမဲ့ ထိုကျောင်းသားရဲ့ညီမနှစ်ယောက်က ကျောင်းတက်ဖို့ ဆန္ဒရှိနေပါတယ် ” လို့ Mr. Kusop က ရှင်းပြခဲ့ပါတယ်။
“ ထိုကျောင်းသားက စာကျက်ဖို့ စိတ်မဝင်စားတော့တာကြောင့် သူ့မိဘရော ဆရာများရော သူ့အား ကျောင်းတက်ဖို့ဆွဲဆောင်ရာမှာ မအောင်မြင်ခဲ့ကြပါဘူး။ ထိုကျောင်းသားက အေးဆေးတဲ့ကျောင်းသားတစ်ဦးဖြစ်ပေမယ့် သူ့ပညာရေးမှာ ကောင်းကောင်းလုပ်နိုင်တာမို့ သူသာ စွန့်လွှတ်လိုက်ရင် နောင်တစ်ချိန် သူ နောင်တရသွားပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ကျောင်းက ဆရာများကလည်း အရှုံးမပေးဘဲ ထိုကျောင်းသား ကျောင်းပြန်တက်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ လည်း Mr. Kusop က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "ကျောင်းတက်ဖို့ငြင်းဆန်နေတဲ့ ကျောင်းသားအား စည်းရုံးဖို့အတွက် ၇ မိုင်ကျော်ဝေးတဲ့သူ့နေအိမ်ဆီသို့ ခြေလျင်ဖြင့် သွားရောက်လည်ပတ်ခဲ့ကြတဲ့ မြတ်ဆရာသုံးဦး"