ပျောက်ဆုံးနေတဲ့ချစ်သူကို လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်များကနေ သူ့ရဲ့နောက်ဆုံးထွက်သက်အထိ တူညီတဲ့ထောင့်လေးတစ်နေရာမှာ နေ့စဉ် စောင့်ဆိုင်းနေခဲ့တဲ့ အမျိုးသား

တစ်ချိန်က အိုင်းရစ်ရော့ခ်ဂီတအဖွဲ့ The Script က ” ငါတို့ဆုံခဲ့တဲ့နေရာကို မင်းပြန်လာမယ်လို့ တွေးပြီး မင်းပြန်လာရင် လမ်းထောင့်ကတစ်နေရာမှာ မင်းကို စောင့်နေတာတွေ့လိမ့်မယ်” လို့ သီဆိုခဲ့ဖူးသလိုဘဲ အင်ဒိုအမျိုးသားတစ်ဦးဟာ သူသေတဲ့နေ့ရောက်တဲ့အထိ သူ့ရဲ့ချစ်ရသူကို နေရာတစ်ခုတည်းမှာဘဲ ဇွဲရှိရှိနဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။ ၎င်းရဲ့ဆုံးရှုံးသွားတဲ့ ချစ်ခြင်းမေတ္တာများ ပြန်ရလာမယ်လို့ မျှော်လင့်ကာ ၁၉၇၀ ခုနှစ်ကတည်းက အင်ဒိုနီးရှားနိုင်ငံ Malang မြို့ရဲ့နေရာလေးတစ်ခုမှာ စောင့်ဆိုင်းနေခဲ့တဲ့ Pak Arifin အမည်ရှိအမျိုးသား(2017 တွင် ကွယ်လွန်) ရဲ့ဇာတ်လမ်းကို Sipitdikit အမည်ရှိအမျိုးသားတစ်ဦးက ၎င်းရဲ့Twitter မှာ မျှဝေပေးခဲ့ပါတယ်။

Sipitdikit ရဲ့အဆိုအရ ချစ်ရသူက သူ့ဆီ ပြန်လာဖို့ ၁၉၇၀ ခုနှစ်ကတည်းက စောင့်ဆိုင်းနေခဲ့တဲ့ သစ္စာရှင် မစ္စတာ Gombloh သို့မဟုတ် Pak Arifin ဟာ Malang မြို့ Kayu Tangan လမ်းရဲ့ထောင့်တစ်နေရာမှာ သူ့ဘဝဆုံးတဲ့အထိရှိနေခဲ့ပါတယ်။ Pak Arifin က ဒီ Kayu Tangan လမ်းထောင့်လေးမှာ နေ့တိုင်းလိုလို တစ်နေရာတည်းမှာ ရှိနေခဲ့ပြီး သူ့ချစ်သူရောက်လာတာကို စောင့်မျှော်ရင်း ဆိုင်ရဲ့ဟင်းလင်းပြင်အောက်မှာ ထိုင်လေ့ရှိပါတယ်။ ဘယ်ဟာကမှန်လဲမသိပေမဲ့ အချို့လူတွေက Pak Arifin က ဒီနေရာလေးမှာ ၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအထိ စောင့်နေခဲ့တယ်လို့ဆိုထားကြပါတယ်။

ဇာတ်လမ်းအရ ဒီအဘိုးဟာ Malang မြို့မှာ နိုင်ငံရေး အဖြစ်အပျက်တစ်ခုဖြစ်တဲ့ တစ်နေ့မှာ သူ့ချစ်ရသူနဲ့ လမ်းခွဲခဲ့ကြပြီး ဒီဇနီးမောင်နှံက မြို့လုံခြုံပြီးရင် ပြန်ဆုံမယ်လို့ ကတိပြုထားတဲ့ တစ်နေရာတည်းမှာ ပြန်ဆုံတွေ့ဖို့ ကတိပြုခဲ့ကြတာပါ။ ဒါ့ကြောင့် Pak Arifin က ချစ်ရသူနဲ့ပြန်တွေ့ဖို့ ကတိပေးထားတဲ့နေရာကို စောင့်နေဖို့ ကတိတည်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ သူ့ချစ်ရသူက မရောက်လာခဲ့သလို ဘာအကြောင်းကြောင့်လဲဆိုတာကိုလည်း ဘယ်သူမှ မသိခဲ့ပါဘူး။ ချစ်ရသူက အသက်ရှင်နေသေးလား ၊ သေသွားတာလားကို Pak Arifin က သေချာမသိခဲ့ပါဘူး။ သို့ပေမဲ့လည်း Pak Arifin ရဲ့ သစ္စာစောင့်သိမှုမှာ တစ်နေ့ သူ့ချစ်သူရောက်လာမယ်လို့ယုံကြည်ရင်း Ngantang ရှိ သူ့အိမ်မှ Kayu Tangan နယ်မြေအထိ သူ့ခြေရာကို နေ့စဉ်ရက်ဆက် သယ်ဆောင်သွားခဲ့ပါတယ်။

စိတ်မကောင်းစွာနဲ့ဘဲ ၂၀၁၇ ခုနှစ်ရဲ့နေ့တစ်နေ့မှာ အဘိုး Pak Arifin ဟာ လမ်းဘေးတစ်နေရာမှာ တစ်စုံတစ်ခုဖြင့် ထိမှန်ထားပုံရတဲ့ မျက်ခွံပေါ်က ဒဏ်ရာနဲ့အတူ ထော့နဲ့ထောနဲ့ လမ်းလျှောက်ရင်း လဲကျသွားခဲ့ပါတယ်။ ထို့နောက် တိုက်မိပြီးကားမောင်းပြေးသွားတဲ့မတော်တဆမှုကြောင့် အတွင်းကြေသွားပုံပေါ်တဲ့ အဘိုး Pak Arifin အား Saiful Anwar ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပေမဲ့ အဘိုး Pak Arifin ဟာ ကွယ်လွန်သွားခဲ့ပါတယ်။

.

.

၎င်းနဲ့ပတ်သက်ပြီး ” အဘိုး Pak Arifin ကို ထိပ်တိုက်ဆုံဖူးတာပဲဖြစ်ဖြစ်၊ သူ့အကြောင်းကြားရုံနဲ့ ထိမိသွားတဲ့သူတွေက အဘိုး Pak Arifin ရဲ့ သစ္စာစောင့်သိမှုကို အမြဲအမှတ်ရနေမှာပါ။” လို့ Sipitdikit က အဆုံးသတ်ရေးသားဖော်ပြခဲ့ပါတယ်။ အဘိုး Pak Arifin ကွယ်လွန်ခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီဆိုပေမဲ့လည်း၊ သူ့ရဲ့ဇာတ်လမ်းက မကြာသေးမီကပင် အင်တာနက်ပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာဟာ အမှန်တကယ်တည်ရှိကြောင်း လူတို့အား လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အဘိုး Pak Arifin ရဲ့ဇာတ်လမ်းက စာဖတ်သူတို့ကိုလည်း လှုံဆော်မှုပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ ။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "ပျောက်ဆုံးနေတဲ့ချစ်သူကို လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်များကနေ သူ့ရဲ့နောက်ဆုံးထွက်သက်အထိ တူညီတဲ့ထောင့်လေးတစ်နေရာမှာ နေ့စဉ် စောင့်ဆိုင်းနေခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*