ယူကေတွင် လွန်ခဲ့သည့် ရက်အနည်းငယ်က အံ့ဩဖွယ်ကောင်းတဲ့ တိရိစ္ဆာန်ပုံပြင်တစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ခုနစ်လကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ကြောင်တစ်ကောင်ဟာ မယုံနိုင်စရာပုံစံဖြင့် မိသားစုနှင့် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ကြောင်တစ်ကောင်က ဘောလုံးကွင်းထဲကို ကျူးကျော်ဝင်ရောက်လာတဲ့အခါ ပိုင်ရှင်တွေက ၎င်းဘောလုံးပွဲစဉ်ကို TV ကနေ တိုက်ရိုက်ကြည့်နေခဲ့ကြပြီး ရုတ်တရက် ကွင်းထဲရောက်ချလာတဲ့ကြောင်က ၎င်းတို့ရဲ့ပျောက်ဆုံးနေတဲ့ကြောင်ဖြစ်နေခဲ့ပါတယ်။ ယခုလအစောပိုင်းက Sheffield Wednesday နှင့် Wigan Athletic အသင်းတို့ကြား အင်္ဂလိပ်တတိယအဆင့်ဘောလုံးပွဲစဉ်ဟာ ကွင်းအတွင်းသို့ ကြောင်တစ်ကောင်ပြေးဝင်လာပြီးနောက် ခဏတာ ရပ်တန့်သွားခဲ့ပါတယ်။
.
ကစားသမားများထဲမှတစ်ဦးက လေလွင့်နေပုံရသည့် ကြောင်ကို ဖမ်းပြီး ကွင်းပြင်ရှိလူတစ်ဦးဆီသို့ လွှဲပေးလိုက်တဲ့အထိ အချိန်အတော်ကြာသွားခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းရဲ့အံ့မခန်းအဆုံးသတ်ကိုတော့ ရောက်မလာသေးပါဘူး။ ထိုနေ့က အင်္ဂလန်နိုင်ငံ Sheffield မြို့ရှိ ၎င်း Hillsborough အားကစားကွင်းထဲရောက်နေတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ကြောင်လေးကို ၎င်း၏ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဒဏ်ရာတွေစစ်ဆေးကြည့်ပေမဲ့လည်း အခြေအနေသိပ်မဆိုးနေခဲ့ပါဘူး။ ကြောင်လေးမှာ မိုက်ခရိုချစ်ပ်တစ်ခုလည်းရှိနေတော့ သူ့ပိုင်ရှင်တွေကို ခြေရာခံဖို့ ပိုလွယ်မယ်ဆိုတာ ၎င်းဆရာဝန်က သိနေလို့ ကြောင်လေးက ဆေးခန်းမှာ တစ်ည အိပ်ခဲ့ရပါတယ်။
.
ထိုအချိန်မှာ၊ Allison Jubb အမည်ရှိအမျိုးသမီး၏ချွေးမက ၎င်းတိုက်ရိုက်ဘောလုံးပွဲစဉ်ကိုကြည့်နေခဲ့ပြီး ၎င်းကြောင်က လွန်ခဲ့တဲ့လအနည်းငယ်က ပျောက်ဆုံးသွားတဲ့ မိသားစုရဲ့ကြောင် Topsey နှင့်တူပုံပေါ်နေတာနဲ့ သူမရဲ့ယောက္ခမထံ ဖုန်းလှမ်းဆက်ခဲ့ပါတယ်။ “ မနေ့ညက ငါ့ချွေးမက ပွဲကြည့်ရင်း ဘောလုံးကွင်းထဲမှာ ကြောင်တစ်ကောင်ရောက်လာတယ်လို့ ပြောတော့ ကျွန်မက ရယ်မိသွားခဲ့တယ် ” လို့ Allison က ပြောခဲ့ပါတယ်။ တကယ်တော့ Allison က သူမရဲ့ကြောင်လေး ထာဝရပျောက်ကွယ်သွားပြီလို့ထင်ခဲ့ပြီး Topsey ကိုပြန်ရှာဖို့ မျှော်လင့်ချက်တွေ ဆုံးရှုံးနေခဲ့တာပါ။ ဒါပေမယ့် ပေါ်လာတဲ့ကြောင်က Topsey ကြီးဖြစ်နေပါတယ်။
.
Topsey ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကတည်းက အိမ်ကနေ ပျောက်သွားခဲ့တာပါ။ ဒါပေမဲ့ နောက်ရက်မှာတော့ Allison က တိရိစ္ဆာန်ဆေးကုဆရာဝန်ဆီကနေ ဖုန်းဝင်လာပြီး ကြောင်လေးက Topsey ဖြစ်ကြောင်း အတည်ပြုချက်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမရဲ့ဒဏ်ရာတွေကြောင့် Topsey ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာ နောက်ထပ်ရက်အနည်းငယ် ဆက်ရှိနေရဦးမှာပါ။ ဤဇာတ်လမ်းလေးက အမှန်တကယ် ပျော်ရွှင်ဖွယ်အဆုံးသတ်ဖြစ်ဖို့လိုတာကြောင့် Topsey လေး အပြည့်အဝ ပြန်လည်ကျန်းမာလာပြီး အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်မိပါတယ် ။
Mia (Mckzone daily)
Reference : 3lstories
Be the first to comment on "အိမ်ကနေ လအတန်ကြာပျောက်သွားခဲ့ပြီးနောက် တိုက်ရိုက် live ကြည့်နေတဲ့ ဘောလုံးပွဲစဉ်တစ်ခုရဲ့ကွင်းထဲကို ရုတ်တရက် ရောက်ချလာတဲ့ အိမ်ကကြောင်ကြောင့် အံ့ဩသွားခဲ့ကြတဲ့ မိသားစု"