United Kingdom နိုင်ငံ Isle Of Man မြို့မှ Nick Coole နှင့် ဇနီးဖြစ်သူ Voirrey Coole တို့ဟာ Nick ရဲ့ အံ့အားသင့်စရာ 40 နှစ်မြောက်မွေးနေ့ကို ကျင်းပရန် ဗုဒ္ဓဟူးနေ့တွင် နယူးယောက်သို့ ခရီးထွက်လာခဲ့ကြပြီး ၎င်းတို့ ရယ်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံရမှာကို ကြိုမသိခဲ့ကြပါဘူး။ ၎င်းတို့စုံတွဲဟာ Big Apple ကိုသွားနေချိန်မှာတော့ လေဆိပ်လုံခြုံရေးတစ်ဦးထံမှ မမျှော်လင့်ဘဲ ဖမ်းဆီးခံခဲ့ရပါတယ်။ ဝန်ထမ်းတွေက ၎င်းတို့ရဲ့ ခရီးဆောင်အိတ်ထဲမှာ ကြောင်တစ်ကောင်ကို ရှာတွေ့တဲ့အခါ ၎င်းတို့ရဲ့မျက်လုံးတွေကို မယုံနိုင်ခဲ့ကြပါဘူး။ တကယ်တော့ ၎င်းတို့ရဲ့ အိမ်မွေးကြောင် Candy က ၎င်းတို့ရဲ့ ခရီးဆောင်အိတ်ထဲကနေလိုက်ပါလာခဲ့ပြီး Candy လေးက သူ့တစ်ကောင်တည်း အိမ်မှာကျန်ခဲ့တာကို မကြိုက်ဘူးဆိုတာ ရှင်းလင်းနေခဲ့ပါတယ်။
.
“ ကျွန်မတို့က ဟိုမှာ shopping ထွက်ဖို့အတွက် ခရီးဆောင်အိတ်ထဲမှာ ဘာမှ များများစားစားမထည့်သွားခဲ့ဘူး ၊ ဒါပေမယ့် ကျွန်မတို့ကြောင် Candy က ကျွန်မတို့ လေဆိပ်ကိုရောက်တော့ လေကောင်းလေသန့် ထွက်ရှုဖို့ နည်းလမ်းတွေ့သွားခဲ့တယ်။ အဲ့တာကြောင့် လေဆိပ်လုံခြုံရေးတွေ အားလုံးက တော်တော် ပဟေဠိဆန်ပြီး အိတ်က စကန်ဖတ်စက် ဖြတ်ပြီးတာနဲ့ အိတ်က ခင်ဗျားတို့ အိတ်လားလို့ ထပ်ခါတလဲလဲ မေးနေခဲ့တယ် ” ဟု Coole က ပြောကြားခဲ့ပါတယ်။ Coole က ကြောင်လေးဟာ သူမတို့အိမ်ကနေ တိတ်တဆိတ် လိုက်လာတဲ့ ပထမဆုံး အကြိမ်မဟုတ်ကြောင်းကို “ တစ်ခါက ကျွန်မတို့ တစ်ခြားမြို့ကို ကားနဲ့ အားလပ်ရက်ခရီးမှာ ရောက်နေတုန်း Candy က မထင်မှတ်ဘဲ ကျွန်မတို့တည်းတဲ့ ဟိုတယ်မှာ ရောက်နေခဲ့တယ် ၊
.
သူမက နေရာသေးသေးလေးတွေထဲ ဝင်ပုန်းတာ အရမ်းတော်ပါတယ်။ ” လို့လည်း ဆိုခဲ့ပါတယ်။ လေဆိပ်ရှိဝန်ထမ်းများက အခုလိုအဖြစ်အပျက်မျိုးကို ယခင်က တစ်ခါမှမကြုံဖူးပေမဲ့လည်း ရယ်စရာကောင်းတဲ့အမှားဖြစ်နေတာကိုသိလိုက်ရတော့မှ အားလုံးက ရယ်မောသွားခဲ့ကြပါတယ်။ ကျေးဇူးတင်စွာဘဲ၊ Coole တို့စုံတွဲက ၎င်းတို့ရဲ့အထူးခရီးစဉ်ကို လက်လွတ်မခံကြောင်း သေချာစေဖို့ လူတိုင်းက ပြေလည်အောင် စီစဉ်ပေးခဲ့ကြပါတယ်။ Nick နှင့် Coole တို့ရဲ့သူငယ်ချင်းများက Candy ကို လာခေါ်ပေးခဲ့ကြပြီး လေယာဉ် မထွက်ခွာမီ ၎င်းတို့ စုံတွဲဟာ အမေရိကန်သို့ ၎င်းတို့ရဲ့လေယာဉ်ပေါ်ကို အမိတက်နိုင်ခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခရီးသွားအတွေ့အကြုံကို ခံစားရပြီးနောက် Nick က ၊
.
“ မင်းရဲ့ခရီးဆောင်အိတ်ထဲမှာ မသိဘဲ ကြောင်တစ်ကောင်ပါလာလို့ လေဆိပ်လုံခြုံရေးအခန်းမှာ အစစ်ခံလိုက်ရတဲ့ အဲဒီခံစားချက်ကိုသိကြလား။ အိမ်ကြောင် Candy ကတော့ ကျွန်တော်တို့နဲ့အတူ အားလပ်ရက်ခရီးထွက်နိုင်ဖို့ ကျွန်တော်တို့မသိဘဲ အိတ်ထဲခိုးဝင်ပြီး လိုက်ပါလာခဲ့တယ်။ Candy လေးကို လာခေါ်ပေးလို့ ကျေးဇူးတင်ပါတယ် Barry နှင့် Lorna ရေ၊ အစစ်အဆေးမထူဘဲ လေယာဉ်ပေါ်တက်ခွင့်ပေးခဲ့တဲ့ လေဆိပ်လုံခြုံရေးအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ် ” လို့ Facebook မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဘယ်လိုတောင် ချစ်စရာကောင်းပြီး ရယ်စရာကောင်းတဲ့အဖြစ်အပျက်လေးလဲဗျာနော် ။ စာဖတ်သူတို့မှာကော ခရီးသွားတာကို အိမ်မှာမနေခဲချင်လို့ လူမသိအောင် ပုန်းပြီး တိတ်တိတ်လေး လိုက်သွားတတ်တဲ့ ကြောင်လေးတွေရှိလားဗျာ ။
Mia (Mckzone daily)
Reference : aubtu
Be the first to comment on "အားလပ်ရက်ခရီးထွက်ဖို့ လေဆိပ်ရောက်တော့မှ အိမ်ကကြောင်လေးက လူမသိအောင် ခရီးဆောင်အိတ်ထဲခိုးဝင်ပြီး လိုက်ပါလာမှန်းသိခဲ့ရတဲ့ စုံတွဲတစ်တွဲ"