သခင်မသိလောက်ပါဘူးလို့တွေးပြီး သခင်ဖြစ်သူအား အိမ်မွေးတိရိစ္ဆာန်စတိုးဆိုင်တစ်ဆိုင်ထဲသို့ ဦးဆောင်ခေါ်ဝင်သွားခဲ့တဲ့ မျက်မမြင် လမ်းပြခွေးတစ်ကောင် (ရုပ်သံ)

New Jersey မြို့ရှိ Danielle Sykora အမည်ရှိအမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ လေးနှစ်ခန့်က သူမရဲ့အမြင်အာရုံချို့ယွင်းမှုကိုကူညီရန် Thai အမည်ရှိဝန်ဆောင်မှုခွေးလေးတစ်ကောင်အား မွေးစားလိုက်ပြီးကတည်းက သူမအလုပ်နဲ့ပတ်သက်တဲ့သူမရဲ့ကိုယ်ပိုင်အမြင်တွေ ရှိလာခဲ့ပါတယ်။ Pennsylvania မြို့ရှိ Delaware Valley တက္ကသိုလ်မှာ လက်ရှိကျောင်းသူဖြစ်နေတဲ့ Sykora က စနေ၊ တနင်္ဂနွေနေ့တွေမှာ New Jersey ရှိ သူမရဲ့နေအိမ်သို့ Thai နှင့်အတူ ခရီးထွက်လေ့ရှိပါတယ်။ Sykora နှင့် အစ်မဖြစ်သူ Michele တို့က အလည်အပတ်ခရီးတွေမှာ ဈေးဝယ်ထွက်ရတာကို နှစ်သက်ကြသလို Thai ကလည်း သူ့အကြောင်းပြချက်နဲ့သူ ဈေးဝယ်ထွက်ရတာကို ကြိုက်တတ်ပါသေးတယ်။

.

တစ်ကြိမ်မှာ Sykora က Michele နှင့် ဖခင်ဖြစ်သူတို့နှင့်အတူ ကုန်တိုက်တစ်ခုသို့ လိုက်ပါသွားခဲ့ပြီး Cool Dog Gear လို့ခေါ်တဲ့ အိမ်မွေးတိရိစ္ဆာန်ပစ္စည်းဆိုင်တစ်ဆိုင်နားရောက်တော့ Thai က ရုတ်တရက် ဦးတည်ချက်ပြောင်းပြီး Sykora ကို ထိုဆိုင်ထဲသို့ လမ်းပြသွားခဲ့ပါတယ်။ “ ညီမလေးက ဒီကုန်တိုက်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ အဖေနဲ့ ကျွန်မတို့ မသိလိုက်ခင်မှာဘဲ Thai က အဲ့စတိုးဆိုင်ထဲကိုခေါ်ဝင်သွားခဲ့တယ် ၊ဒါမဲ့ ကျွန်မတို့က သက်သေပြချင်လို့ အဲဒီကို ဒုတိယအကြိမ်ပြန်လျှောက်သွားပြီး ဗီဒီယိုရိုက်ဖို့လုပ်ခဲ့ကြတယ်၊ ဒီတစ်ကြိမ်မှာလည်း Thai က အဲ့ဆိုင်ဆီကိုဘဲ ဦးတည်သွားပြန်တယ်! “ လို့ Michele က ဆိုခဲ့ပါတယ်။

.

Michele က Thai ရဲ့ထိုလှုပ်ရှားမှုဗီဒီယိုကို ၎င်းရဲ့Twitter အကောင့်မှာ တင်ခဲ့ပြီးနောက်မှာ ပျံ့နှံ့သွားခဲ့တဲ့၎င်းဗီဒီယိုက ကြည့်ရှုမှုထောင်နှင့်ချီရရှိခဲ့ပါတယ်။ ဒါပေမဲ့ Thai က သူမအား သူမ မသိတဲ့နေရာသို့ တိတ်တဆိတ် ဦးဆောင်သွားတာက ဒါ ပထမဆုံးအကြိမ်သာဖြစ်ပြီး ဥပမာ ကျောင်းမှာ Thai က သူမ ကော်ဖီကြိုက်မှန်းသိတဲ့အတွက် Starbucks သို့ခေါ်သွားတတ်တဲ့ အလေ့အထရှိပြီး သူ့အတွက်က Cappuccino တစ်ခွက် အမြဲပါကြောင်း Sykora က ဆိုခဲ့ပါတယ်။

.

“ Thai နဲ့ Sykora တို့မှာ ဝန်ဆောင်မှုပေးနေတဲ့ခွေးတစ်ကောင်နဲ့ လူတစ်ယောက်သာ နားလည်နိုင်တဲ့ဆက်ဆံရေးရှိနေတယ်။ Sykora ရဲ့မျက်လုံးတွေဖြစ်တဲ့ Thai က သူမနဲ့အတူ နေရာတိုင်းကို လိုက်သွားတယ် ၊

Sykora 2 နှစ်အရွယ်မှာ ခွဲစိတ်မှုခံယူပြီးကတည်းက မျက်စိကွယ်သွားခဲ့ပေမဲ့ Thai လေး သူမဘဝထဲရောက်လာချိန်မှစပြီး သူမရဲ့အရာအားလုံးက ပိုမိုလွယ်ကူလာခဲ့တယ်၊ Thai က သူမကို ပိုမိုလွယ်ကူစွာ သွားလာနိုင်ဖို့ကူညီပေးပြီး ဓာတ်လှေကား၊ ထိုင်ခုံလွတ်၊ လှေကားများနှင့် အိမ်မွေးတိရိစ္ဆာန်ဆိုင်တွေကို ညွှန်းစရာမလိုဘဲ ကောင်းကောင်းရှာဖွေနိုင်တယ် ၊ Thai ကို လမ်းညွှန်ခွေးဖောင်ဒေးရှင်းကနေရခဲ့သလို ၎င်းဖောင်ဒေးရှင်းကလည်း ခွေးတစ်ကောင်ရဲ့ပင်ကိုယ်စရိုက်ကိုအခြေခံပြီး Sykora အတွက် ရွေးပေးထားတာပါ၊ Thai က Sykora အတွက် ဝန်ဆောင်မှုပေးတဲ့ခွေးလေးတစ်ကောင်ဖြစ်သလို ကျွန်မတို့မိသားစုရဲ့ဖျော်ဖြေရေးသမားလေးပါဘဲ ” လို့ Michele က ထပ်မံ ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : thedodo

Be the first to comment on "သခင်မသိလောက်ပါဘူးလို့တွေးပြီး သခင်ဖြစ်သူအား အိမ်မွေးတိရိစ္ဆာန်စတိုးဆိုင်တစ်ဆိုင်ထဲသို့ ဦးဆောင်ခေါ်ဝင်သွားခဲ့တဲ့ မျက်မမြင် လမ်းပြခွေးတစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*