ချစ်သူများနေ့မှာ ဘောင်းဘီခါးကြား ပန်းစည်းညှပ်ပြီး အိမ်ထောင်သက် ၄၆ နှစ်အကြာ ပထမဆုံးအဖြစ် ဇနီးရဲ့အလုပ်ခွင်အထိသွားကာ စပရိုက်လုပ်တဲ့ ဦးလေး

သက်ကြီးရွယ်အို စုံတွဲအများစုဟာ ဂရုတစိုက် နားပူနားဆာလုပ်တာ ၊ ယခင်က ကတိစကားတွေကို စနှောက်ပြန်ပြောကြတာ စတဲ့သိမ်မွေ့တဲ့ အပြုအမူများဖြင့် တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ပြသကြပါတယ်။ ကျွန်တော်တို့က ငယ်ရွယ်တဲ့ချစ်သူစုံတွဲတွေနဲ့ မကြာခဏဆိုသလို ထင်ရှားတဲ့အချစ်ရေးအမူအယာများကို တွေ့မြင်ရလေ့ရှိတာကြောင့်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများကြားက ချိုမြိန်သောအခိုက်အတန့်များကို မြင်တွေ့ရတဲ့အခါ ပိုပိုပြီး စိတ်လှုပ်ရှားနေမိတတ်ကြပါတယ်။ ဤမလေးရှားဦးလေးတစ်ဦးဟာ ၎င်း၏ ချစ်သူများနေ့စပရိုက်ဖြင့် အင်တာနက်သုံးစွဲသူများရဲ့နှလုံးသားကိုထိမိစေကာ ချစ်စရာကောင်းတဲ့အချစ်ရေးမှာ အသက်ကန့်သတ်ချက်မရှိကြောင်း ပြသခဲ့ပါတယ်။

.

ထိုနေ့မှာ ဦးလေးဟာ ဘောင်းဘီနောက်ကျောမှာ နှင်းဆီပန်းစည်းညှပ်ကာ သူ့ရဲ့ဇနီးသက်တမ်း ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့အလုပ်ခွင်ထိသွားပြီး စပရိုက်လုပ်ပေးခဲ့ပါတယ်။ Huan Amber Ng အမည်ရှိအမျိုးသမီးက ပြီးခဲ့တဲ့လ Valentine’s Day မှာ ချစ်စဖွယ်အကောင်းဆုံးပုံစံဖြင့် မိခင်ဖြစ်သူအား စပရိုက်လုပ်ပေးတဲ့ဖခင်ရဲ့ဗီဒီယိုတစ်ခုကို မျှဝေပေးခဲ့တာပါ။ အဆိုပါ ဗီဒီယိုဖိုင်မှာ ဖခင် Mr Ng ဟာ ထိုအချိန်က အလုပ်လုပ်နေတဲ့ သူမ၏မိခင်ဆီသို့ လျှောက်သွားနေပုံကို ပြသထားပြီး Mr Ng ရဲ့ဘောင်းဘီမှာ ချိတ်ထားတဲ့ နှင်းဆီနီ ၃ ပွင့်က သူ့မိန်းမကိုအံ့သြစေချင်တဲ့ ပန်းစည်းလေးတစ်ခုပါဘဲ။

ပထမတော့ သူ့မိန်းမက သူ လာလည်တာနဲ့ ပတ်သက်ပြီး ဘာမှထူးထူးခြားခြားခံစားရပုံမရပေမယ့် သူ အနားကိုရောက်လာပြီး ပန်းစည်းကိုဆွဲထုတ်ပြလိုက်ခါမှ အံ့ဩသွားခဲ့ရပါတယ်။ ၎င်းအံ့အားသင့်စရာ လက်ဆောင်အတွက် ဇနီးသည်က သူ့ကို ကျေးဇူးတင်ပြီး ပွေ့ဖက်ပေးနေတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Mr Ng က ပျော်ရွှင်ကြည်နူးပြီး ပြုံးပျော်နေခဲ့ပါတယ်။ Amber က ဖခင်ဟာ အငြိမ်းစားယူထားပြီး မိခင်ဖြစ်သူက လက်ရှိမှာ အထည်ချုပ်စက်ရုံ၌ အလုပ်လုပ်နေကြောင်း ပြောပြခဲ့ပါတယ်။ ၎င်းတို့ရွာမှာ ပန်းဆိုင်မရှိတာကြောင့် ဖခင်ဖြစ်သူက သင့်တော်တဲ့ပန်းစည်းလှလှလေးဝယ်ဖို့ အလှမ်းဝေးတဲ့နေရာသို့ ကားမောင်းထွက်ခဲ့သလို ၊ အဆိုပါအကြံအစည်ဟာ ဖခင်ဖြစ်သူရဲ့ အကြံအစည် လုံးလုံးဖြစ်သလို ၎င်းဟာ သူ့ဇနီးအား နှင်းဆီပန်းများ လက်ဆောင်ပေးသည့် ပထမဆုံး အကြိမ်ပါဘဲ။

၎င်းတို့စုံတွဲဟာ အိမ်ထောင်သက် (၄၆) နှစ်ရှိပြီဖြစ်ပြီး သားသမီး (၄) ယောက်ရှိသလို Amber က သူမရဲ့မိဘတွေဟာ အလွန်ဖော်ရွေပြီး ချစ်စရာကောင်းသူတွေဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ Amber ဟာ သူမမိဘများရဲ့ဘဝအပေါ် ရှုမြင်ပုံနှင့် မိသားစုအပေါ် သြဇာလွှမ်းမိုးပုံတို့ကိုလည်း နှစ်သက်သဘောကျပြီး မချမ်းသာသော်လည်း မိသားစုက အမြဲပျော်ရွှင်နေပြီး ရယ်မောခြင်းက ၎င်းအိမ်မှာနေလာတဲ့သူမဘဝတစ်လျှောက်လုံးမှာ အပေါလျှံဆုံးအရာတစ်ခုလိုပါဘဲ။

Amber နှင့်သူမရဲ့ညီအစ်ကိုများက လက်ရှိစင်ကာပူတွင်နေထိုင်နေတာကြောင့် ကူးစက်ရောဂါကြောင့် သူမတို့ရဲ့မိဘများဆီကို မကြာခဏသွားရောက်လည်ပတ်နိုင်ခြင်းမရှိပါဘူး။ သို့ပေမဲ့ “ မိဘဖြစ်ရတာ မလွယ်ပေမယ့် သူတို့က အကောင်းဆုံးပါပဲ။ ကျွန်မတို့ သူတို့ကို အရမ်းချစ်တယ်!” သူတို့ရဲ့ သားသမီးတွေအနေနဲ့ ကျွန်မတို့ အရမ်းကံကောင်းတယ်။ နောက်ဘဝမှာလည်း သူတို့ကို ကျွန်မတို့ရဲ့မိဘတွေဘဲပြန်ဖြစ်စေချင်တယ် ” လို့ သူမက ရယ်မောရင်း ပြောကြားခဲ့ပါတယ်။

.

နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ စုံတွဲတွေကြားက အချစ်တွေ ကြာရှည်စွာ ရှင်သန်နေတာကို မြင်ရတာ ကြည်နူးဖို့ကောင်းရုံတင်မကဘဲ အတုယူစရာလည်း ကောင်းပါတယ်။ ဆက်ဆံရေးတစ်ခုဆက်လက်တည်မြဲရန် ထိုသို့သောအမူအရာများက မလိုအပ်ဘူးလို့ အချို့က ထင်ကြပေမဲ့လည်း တကယ်တမ်း ဆန့်ကျင်ဘက်ပါ။ သင့်လက်တွဲဖော်အတွက် ချစ်စဖွယ်ကောင်းတဲ့အမူအရာလေးများက အချိန်ကြာလာသည်နှင့်အမျှ ဆက်ဆံရေးကို အမှန်တကယ် ပြုစုပျိုးထောင်ပေးပါတယ်။

Mia (Mckzone daily)

Reference : thesmartlocal

Be the first to comment on "ချစ်သူများနေ့မှာ ဘောင်းဘီခါးကြား ပန်းစည်းညှပ်ပြီး အိမ်ထောင်သက် ၄၆ နှစ်အကြာ ပထမဆုံးအဖြစ် ဇနီးရဲ့အလုပ်ခွင်အထိသွားကာ စပရိုက်လုပ်တဲ့ ဦးလေး"

Leave a comment

Your email address will not be published.


*