ဒီဇာတ်လမ်းက ကွင်းဆက်စာတစ်စောင်ကို အချင်းချင်းစတင်ပေးပို့ရာကနေ တစ်သက်တာအကောင်းဆုံးသူငယ်ချင်းများဖြစ်လာခဲ့တဲ့ လူနှစ်ဦးရဲ့အံ့ဩဖွယ်ဇာတ်လမ်းဘဲဖြစ်ပါတယ်။ George Ghossen အမည်ရှိအမျိုးသား နှင့် Lori Rubin အမည်ရှိအမျိုးသမီးတို့ဟာ ၄၂ နှစ်ကျော်ကြာအောင် တစ်ဦးကိုတစ်ဦးထံ အနည်းဆုံး တစ်လကို တစ်ကြိမ် စာတွေ အပြန်အလှန် ရေးသားပေးပို့ခဲ့ကြပါတယ်။ Ghossen အသက် 15 နှစ် နဲ့ Lori အသက် 12 နှစ်မှာ ၎င်းတို့ဟာ ကွင်းဆက်စာတစ်စောင်ကနေ စတင်စာရေးပို့ဖြစ်ခဲ့ကြတာပါ။ Lori က Ghossen ဆီ သူမရေးတဲ့ ပထမဆုံးစာမှာ သူမရဲ့ပုံရိပ်ကိုဖုံးအုပ်ထားခဲ့ပြီး နောက်ပိုင်း ၎င်းတို့နှစ်ဦးက လူချင်းတွေ့ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။
.
ထို့ပြင် ၎င်းတိုနှစ်ဦးလုံးက တစ်ဦးနဲ့တစ်ဦး မတွေ့ဖူးခဲ့ကြသလို ဆိုရှယ်မီဒီယာ (သို့) ဖုန်းနဲ့တောင် စကားမပြောဖြစ်ခဲ့ကြပေမယ့်လည်း တစ်သက်တာအကောင်းဆုံး သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ၎င်းတို့နှစ်ဦးလုံးက ၎င်းတို့ရဲ့ပုံပန်းသဏ္ဍာန်ကိုသိနိုင်အောင် အချင်းချင်းဓာတ်ပုံတွေ တောင်းထားခဲ့ကြပါတယ်။ Ghossen က New York ရှိ East Islip မြို့ကဖြစ်ပြီး Lori ကတော့ San Diego မြို့မှ ဖြစ်ပါတယ်။ Lori က နောက်ပိုင်းမှာ အိမ်ထောင်ကျသွားပြီး ကလေးနှစ်ယောက်မွေးခဲ့ပေမယ့်လည်း ထိုအရာက ၎င်းတို့ရဲ့ဆက်ဆံရေးကိုမထိခိုက်စေခဲ့သလို ၎င်းတို့နှစ်ဦးကလည်း အချင်းချင်း စာရေးနေကြဆဲပါဘဲ။
.
Lori က သူမရဲ့အသက် 18 နှစ်အရွယ်သားဖြစ်သူကို Hofstra တက္ကသိုလ်သို့ပို့ဖို့ New York သို့သွားဖို့ဖြစ်လာတဲ့အခါမှာတော့ ၎င်းတို့နှစ်ဦးဟာ လူချင်းတွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ နောက်ဆုံး ၎င်းတို့နှစ်ဦးသား ပထမဆုံး လူချင်းတွေ့ဆုံချိန်မှာတော့ ၎င်းတို့ရဲ့အသက်တွေက 50 ကျော်ရှိနေကြပြီဖြစ်ပြီး ၎င်းတို့ဟာ ၎င်းတို့ရဲ့စာတွေကနေတစ်ဆင့် ၎င်းတို့ရဲ့ဘဝတွေ တိုးတက်ပြောင်းလဲလာပုံတွေကို အပ်ဒိတ်လုပ်ခဲ့ကြရင်း ၎င်းတို့ရဲ့ အနာဂတ်အိပ်မက်တွေ၊ စိတ်ကူးအိပ်မက်တွေအကြောင်းအပြင် မိသားစုတွေအကြောင်းလည်း အချင်းချင်း ပြောပြခဲ့ကြပါတယ်။
.
Lori က ” ကျွန်မတို့ငယ်တုန်းကတည်းက အချင်းချင်းစာပို့ခဲ့ကြတယ်၊ ဒါက ကာတွန်းဆန်သလိုဖြစ်ပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ စကားလုံးတွေက ပိုရင့်ကျက်လာခဲ့တယ်၊ အကြိမ်ပေါင်းများစွာမအောင်မြင်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာ တွေ့ဆုံဖြစ်ခဲ့ကြတယ်၊ တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာပွေ့ဖက်ရင်း ကျွန်မတို့ရဲ့ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကိုမထိန်းနိုင်တော့ဘဲ မျက်ရည်ကျခဲ့ကြတယ် ” လို့ ဆိုခဲ့ပါတယ်။
.
Ghossen ဟာ Lori ရဲ့ခင်ပွန်းနှင့် ကလေးများနဲ့လည်း တွေ့ဆုံခဲ့ပြီး Lori ရဲ့ခင်ပွန်းဖြစ်သူအဆိုအရ ၎င်းတို့ရဲ့တွေ့ဆုံမှုဟာ ကာလအတန်ကြာ ပျောက်ဆုံးသွားတဲ့မိသားစုဝင်များကြားက တွေ့ဆုံမှုတစ်ခုလိုဖြစ်နေခဲ့သလို ၊ ၎င်းတို့ရဲ့ဆက်ဆံရေးကလည်း လုံးဝကို ၅၂၈ ဆန်ပြီး မောင်နှမတွေလိုဖြစ်နေခဲ့ပါတယ်။
” ကျွန်တော် သူမကိုသာတွေ့ရင် ကျွန်တော်တို့ရဲ့စာရေးတဲ့ဆက်ဆံရေးကို ထိခိုက်မှာစိုးရိမ်လို့ ကျွန်တော် လူချင်းတွေ့ဖို့ အကြိမ်ရေမရေတွက်နိုင်အောင်ငြင်းခဲ့တာကို ဝန်ခံပါတယ်၊ ဒါမယ့် နောက်တော့ ကျွန်တော့်မိသားစုတွေကိုဆုံးရှုံးခဲ့ရပြီး ကျွန်တော့်မှာမိသားစုလိုဖြစ်နေတဲ့ Lori ပဲရှိတော့တာကို ကျွန်တော် သိလိုက်ရတယ်၊ နောက်ပိုင်းမှ ကျွန်တော် သူမနှင့်တွေ့ဆုံဖို့ လိုအပ်တယ်ဆိုတာကိုလည်း နားလည်လာခဲ့တယ်၊ လူချင်းတွေ့ပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ဆယ်ဆ ပိုကောင်းနေခဲ့တယ် ” လို့သာ Ghossen က ပြောကြားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "လူချင်းမတွေ့ဘဲ ၄၂ နှစ်ကျော်ကြာအောင် တစ်ဦးကိုတစ်ဦး စာတွေအပြန်အလှန် ရေးပို့ခဲ့ကြပေမဲ့ ဖူးစာမပါခဲ့ကြတဲ့ ထာဝရ သူငယ်ချင်းနှစ်ဦး (ရုပ်သံ)"