‘အန်တီ’ လို့အခေါ်ခံလိုက်ရတဲ့အပေါ် စိတ်ကထိကအောက်ဖြစ်သွားလို့ ငွေကိုင်တစ်ဦးနှင့် ရန်ထဖြစ်ခဲ့တဲ့ ၄၁ နှစ်အရွယ် အမျိုးသမီး

တရုတ်သတင်းဌာနရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံ Zhejiang ပြည်နယ် Hangzhou မြို့မှာ အသက် 41 နှစ်အရွယ် Xing အမည်ရှိအမျိုးသမီးတစ်ဦးက စူပါမားကတ်ရှိ ငွေကိုင်တစ်ဦးက သူမအား “အန်တီ” လို့ခေါ်ဆိုတဲ့အခါမှာ စိတ်မသက်မသာခံစားလိုက်ရပြီး ထိုအကြောင်းပြချက်ဖြင့် ပြဿနာကိုစတင်ခဲ့ပါတယ်။ Xing ဟာ သူမတို့ရဲ့ အသက်ကွာဟချက်က သိပ်မကြီးဘူးလို့ခံစားမိတဲ့အတွက် သူမကို “အန်တီ” လို့ ခေါ်တာ မသင့်တော်ဘူးလို့ အဆိုပါငွေကိုင်ကို ပြောပြနေခဲ့ပါတယ်။ အဲ့ဒီအစား သူမကို “အစ်မကြီး” လို့ ခေါ်တာကိုပိုကြိုက်တယ်လို့ဆိုတော့ အသက် 29 နှစ်အရွယ် ငွေကိုင်က Xing အား ” အန်တီအရွယ်မို့ အန်တီလို့ခေါ်တာ ဘာဖြစ်နေလို့လဲ၊ ဘာဖြစ်နေလို့လဲ ” လို့ ပြန်ဖြေခဲ့ပါတယ်။

.

Xing က သူမရဲ့အသက်အရွယ်နှင့်ပတ်သက်ပြီး သူမက ဆတ်ဆတ်ထိမခံဖြစ်တယ်လို့ဝန်ခံခဲ့ပေမဲ့လည်း ၎င်းငွေကိုင်ကလည်း ဆိုးရွားတဲ့သဘောထားရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ထို့ပြင် ငွေကိုင်က Xing ရဲ့ငွေရှင်းပြေစာအား လှည်းထဲသို့ပစ်ချပြီး သူမအား “အရူး” လို့ စွပ်စွဲခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ထို့နောက် Xing က သူ့ရဲ့သဘောထားကိုမေးမြန်းရင်း ငြင်းခုံမှုများကြားမှာ နှစ်ဦးသား အချင်းချင်း ရန်ထဖြစ်သွားခဲ့ကြပါတယ်။ ငွေကိုင်က သူမရဲ့ဆံပင်ကို ဆွဲပြီး ခြေထောက်နဲ့ကန်ထုတ်ခဲ့တယ်လို့ Xing က ပြောပြခဲ့ပြီး ၎င်းတို့နှစ်ဦးအား ထိုရန်ပွဲမှခွဲပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက်မှာတော့ ငွေကိုင်က Xing အား RMB 500 ( ကျပ် ၁၄၀,၀၀၀ ကျော် ) ပေးလျော်ခဲ့ရပါတယ်။

.

၎င်းစူပါမားကတ်ရဲ့စောင့်ကြည့်ဗီဒီယိုများအရ ငြင်းခုံမှုအတွင်း Xing ဖုန်းပြောနေစဉ် ငွေကိုင်က ကတုန်ကယင်နဲ့ပေါ်လာပြီး Xing ကို ဦးစွာ ရိုက်နှက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ထို့နောက် ငွေကိုင်က ထိုအခင်းဖြစ်ပွားပြီးနောက် အလုပ်မှထွက်သွားခဲ့ပြီး ဆက်သွယ်လို့မရတော့ကြောင်း သိရပါတယ်။

.

စူပါမားကတ်ရဲ့မန်နေဂျာကလည်း ထိုရန်ပွဲစတင်ဖြစ်ပေါ်လာခြင်းက ငွေကိုင်ရဲ့အမှားဖြစ်ကြောင်းသဘောတူခဲ့ပြီး ငွေကိုင်ကိုယ်စား တောင်းပန်စကားဆိုကာ Xing က အနည်းငယ် ပိန်ပိန်ပါးပါးလေးဖြစ်နေလို့ ငွေကိုင်က သူမကို “အန်တီ” လို့ခေါ်ခဲ့တာဖြစ်မယ်လို့လည်း အကြောင်းပြချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ မန်နေဂျာက ဖောက်သည်ကို ထပ်ခါခါ တောင်းပန်စကားဆိုခဲ့ပြီး Xing ကလည်း ၎င်းရဲ့တောင်းပန်မှုကို လက်ခံပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "‘အန်တီ’ လို့အခေါ်ခံလိုက်ရတဲ့အပေါ် စိတ်ကထိကအောက်ဖြစ်သွားလို့ ငွေကိုင်တစ်ဦးနှင့် ရန်ထဖြစ်ခဲ့တဲ့ ၄၁ နှစ်အရွယ် အမျိုးသမီး"

Leave a comment

Your email address will not be published.


*