ပုံမှန် ပေ ၁၆ မှ ပေ ၂၀ အမြင့်မဟုတ်ဘဲ ၈ ပေနှင့် ၉ ပေသာမြင့်တဲ့အရပ်အမောင်းဖြင့် သုတေသီများကို အံ့ဩသွားစေခဲ့တဲ့ သစ်ကုလားအုတ်ပုနှစ်ကောင် (ရုပ်သံ)

သစ်ကုလားအုတ်တွေဟာ အရပ်ရှည်ပြီး အကောင်ကြီးတယ်လို့ လူသိများပါတယ်။ အရွယ်ရောက်ပြီး သစ်ကုလားအုတ်တစ်ကောင်ဟာ အမြင့် ၁၆ ပေမှ ပေ ၂၀ ကြားရှိပြီး ဤအမြင့်ဖြင့် ၎င်းတို့ဟာ ကမ္ဘာပေါ်က အမြင့်ဆုံးနို့တိုက်သတ္တဝါများဖြစ်ပါတယ်။ ထို့ကြောင့် Giraffe Conservation Foundation (GCF) မှ သုတေသီများက နမီးဘီးယားနှင့် ယူဂန်ဒါရှိ 9 ပေသာ မြင့်တဲ့ သစ်ကုလားအုတ်ရိုင်းနှစ်ကောင်ကို တွေ့ရှိတဲ့အခါ ပုတိုရောဂါဟာ သစ်ကုလားအုတ်တွေမှာလဲ ရှိနေခဲ့တာကြောင့် အံ့ဩသွားကြရပါတယ်။

.

သုတေသီများက BMC Research Notes တွင် ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်တွင် ၎င်းရှာဖွေတွေ့ရှိမှုကို ကြေညာခဲ့ပြီး ဆောင်းပါးမှာ ၎င်းတို့ဟာ သီးခြားဦးရေမှ သစ်ကုလားအုတ်နှစ်ကောင်ကိုဖော်ပြခဲ့ပြီး ၊ လွတ်လပ်စွာမျိုးကွဲရှိနေတဲ့ တောရိုင်းတိရိစ္ဆာန်များအပေါ် အပုမျိုးစိတ်ရဲ့ အကျိုးသက်ရောက်မှုများကို ပြသခဲ့ပါတယ်။ သစ်ကုလားအုတ်တွေရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ မျှဝေလိုက်တဲ့အခါ လူတော်တော်များများက သူတို့ရဲ့မျက်လုံးတွေကို မယုံနိုင်ဘဲ ၎င်းကို photoshop လုပ်ထားတယ်လို့သာ ထင်နေခဲ့ကြပါတယ်။ Save Giraffes Now ၏ဥက္ကဋ္ဌနှင့် IUCN Giraffe နှင့် Okapi အထူးကုအဖွဲ့မှ အဖွဲ့ဝင် David O’Connor က “ပထမတော့ မယုံခဲ့ပါဘူး၊ ရိုးရိုးသားသားပြောရရင် အဲဒါက photoshop လုပ်ခဲ့တယ်လို့ထင်ခဲ့တာ” လို့ပြောကြားခဲ့ပါတယ်။ သုတေသီများဟာ ဓာတ်ပုံအချို့ကိုရိုက်ယူကာ ဒစ်ဂျစ်တယ် ဓာတ်ပုံဂရမ်မီထရီ နည်းစနစ်ဖြင့် ၎င်းတို့ရဲ့ ခြေလက်အရွယ်အစားကို တိုင်းတာခဲ့ကြပါတယ်။

.

ပုံမှန် သစ်ကုလားအုတ်တစ်ကောင်က အမြင့် 16-20 ပေလောက်မှာရှိပေမဲ့လည်း ယင်းတို့ကတော့ 8.5 ပေနှင့် 9.3 ပေ သာမြင့်ပါတယ်။ ဤသစ်ကုလားအုတ်များက အခြားဦးရေများထက် ခြေထောက်တိုပေမဲ့လည်း ၎င်းတို့ရဲ့လည်ပင်းများက အရှည်တူညီနေပါတယ်။ “ ဒီထူးခြားတဲ့ သစ်ကုလားအုတ်တွေက အုပ်စုထဲက တခြားသစ်ကုလားအုတ်တွေနဲ့ သိသိသာသာ ကွာခြားမှု ရှိနေတယ်၊ ယူဂန်ဒါမှာ ဒီလို စစ်တမ်းတွေ ကောက်ယူနေတုန်း Uganda တောရိုင်းတိရစ္ဆာန် အာဏာပိုင်အဖွဲ့ ရိန်းဂျားတွေနဲ့ နီးနီးကပ်ကပ် လေ့လာရင်း ဂျပုသစ်ကုလားအုတ်တစ်ကောင်ကို တွေ့တော့ ၊ ရိန်းဂျားတစ်ယောက်နဲ့ ကျွန်တော်က ဟုတ်ကောဟုတ်ရဲ့လားဆိုပြီး တစ်ယောက်ကို တစ်ယောက် မယုံမကြည်ကြည့်နေခဲ့တာတောင် မှတ်မိသေးတယ် ” လို့ အဆိုပါ စာအုပ်ရဲ့ ဦးဆောင်ရေးသားသူ Dr. Michael Brown က ရှင်းပြခဲ့ပါသေးတယ်။

.

ယင်းတို့ထဲမှတစ်ကောင်ကို Lord of the Rings ဇာတ်ကောင်ကိုအစွဲပြုပြီး Gimli ဟုခေါ်ကာ ကျန်တစ်ကောင်မှာတော့ Nigel လို့အမည်ပေးထားပါတယ်။ ဤပုတိုရောဂါရဲ့အကြောင်းရင်းနှင့် အပုသစ်ကုလားအုတ်များရဲ့ ရှင်သန်မှုနှုန်းအပေါ် သက်ရောက်မှုဟာ ပဟေဠိတစ်ခုအဖြစ် ရှိနေသေးပေမဲ့ ၎င်းပုတိုရောဂါဟာ ကျန်းမာရေးပြဿနာများကို တိုးပွါးစေနိုင်ကြောင်း ဒေါက်တာ Brown က ရှင်းပြခဲ့ပါတယ်။

ပြေးတာနဲ့ ကန်တာက ၎င်းတို့ရဲ့ အထိရောက်ဆုံး သားကောင်ကို ဆန့်ကျင်တဲ့ နည်းနှစ်နည်းဖြစ်တဲ့အတွက် သစ်ကုလားအုတ်အတွက် ရှည်လျားတဲ့ခြေထောက်တွေက ပုံမှန်အားဖြင့် အရေးကြီးပါတယ်။ ဒါ့ပြင် ဒီသစ်ကုလားအုတ်နှစ်ကောင်စလုံးက အထီးဖြစ်တာကြောင့် မိတ်လိုက်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုအချို့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ၎င်းသစ်ကုလားအုတ်ပုနှစ်ကောင်တို့ဟာ အခြားသော အသားစားတောရိုင်းကောင်များရဲ့ရန်မှ လွတ်မြောက်ပြီး ယခုချိန်ထိ အသက်ရှင်နေသေးတာက အံ့ဩစရာပါဘဲ လို့လည်း ဒေါက်တာ Brown က ထပ်မံပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "ပုံမှန် ပေ ၁၆ မှ ပေ ၂၀ အမြင့်မဟုတ်ဘဲ ၈ ပေနှင့် ၉ ပေသာမြင့်တဲ့အရပ်အမောင်းဖြင့် သုတေသီများကို အံ့ဩသွားစေခဲ့တဲ့ သစ်ကုလားအုတ်ပုနှစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*