အငြိမ်မနေဘဲ ဂျီကျနေတဲ့လမ်းလျှောက်တတ်စ ကလေးမလေးကို မငြိုငြင်ဘဲ ငြိမ်သွားအောင် နွေးထွေးစွာ အဖော်လုပ်ပေးခဲ့တဲ့ သူစိမ်းတစ်ဦးကို ကျေးဇူးတင်နေခဲ့တဲ့ ဖခင်

မွေးကင်းစကလေးများနှင့် ကလေးငယ်များရဲ့ မိဘများအတွက်၊ လေဆိပ်သို့ ခရီးထွက်ခြင်းဟာ ကလေးသာ အငြိမ်မနေဘဲ အဆော့မှတ်လာပြီး ဂျီကျလာရင်တော့ ၎င်းဟာ အိပ်မက်ဆိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ အလားတူဘဲ စာရေးဆရာနှင့် အများသူငှာ ပြောဆိုသူတစ်ဦးဖြစ်တဲ့ Kevin Armentrout ကလည်း ၎င်းရဲ့ 16 လသားအရွယ် သမီးလေး Carter Jean နှင့်အတူ လေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေချိန်မှာ အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စွာနဲ့၊ ကြင်နာတဲ့သူစိမ်းခရီးသည်တစ်ဦးဟာ လေယာဉ်ပေါ်တက်ချိန်စောင့်ဆိုင်းနေစဉ် ချစ်စရာကောင်းတဲ့ သမီးလေး Carter ကိုလက်လွှဲယူပြီး ပျော်ရွှင်သွားအောင် သူမနဲ့အတူ အချိန်အတန်ကြာ အဖော်လုပ်ပေးခဲ့ပါတယ်။

.

ပျံ့နှံ့သွားသည့် Facebook ပို့စ်မှာ ဖခင် Kevin ဟာ ၎င်းရဲ့သမီး Carter နှင့် အဆိုပါ Joseph Wright အမည်ရှိ အမေရိကန် Oklahoma ပြည်နယ်မှ ဖော်ရွေသော အရောင်းမန်နေဂျာတို့ကြား ကြည်နူးဖွယ် အပြန်အလှန်ဆက်ဆံရေးကို မျှဝေပေးခဲ့ပါတယ်။ ” မနေ့ညက၊ ကျွန်တော်တို့လေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းရင်းနဲ့ ဒီဖော်ရွေတဲ့သူစိမ်းအမျိုးသားနဲ့မတွေ့မချင်း Carter လေးက တွေ့သမျှလူတိုင်းကို အငြိမ်မနေဘဲ လိုက်နှောက်ယှက်နေခဲ့တယ် ၊ ဒါပေမဲ့ ဒီအမျိုးသားက သမီးရဲ့လက်ကိုကိုင်ပြီး သူနဲ့ အတူထိုင်ချင်လားလို့ မေးခဲ့တယ်၊ ပြီးတော့ သူ့တက်ဘလက်ကိုဆွဲထုတ်ပြီး သမီးလေးကို ပုံဆွဲနည်းပြတယ်၊ သူတို့ ကာတွန်းတွေ အတူတူကြည့်တယ်၊

.

ပြီးတော့ သမီးလေးက သဘောတွေကောင်းပြီး သူ့သရေစာမုန့်တွေ ပြန်ကျွေးနေခဲ့တယ်” လို့ Kevin က ပြောပြခဲ့ပါတယ်။ Kevin ရဲ့အဆိုအရ Joseph နှင့် Carter တို့ဟာ တစ်နာရီခန့်ကြာအောင် စကားပြောနှောင်ဖွဲ့ခဲ့ကြပါတယ်။ “ အဲဒီအချိန်မှာ သူတို့ကိုကြည့်ရတာ၊ မတူညီတဲ့ ကျားမကွဲပြားမှု၊ မတူညီတဲ့လူမျိုး၊ မတူညီတဲ့မျိုးဆက်တွေက အားလုံးအတူဘဲဖြစ်သလို အားလုံးကလည်း အကောင်းဆုံးသူငယ်ချင်းတွေဘဲဆိုတာကို တွေးမိသွားစေတယ်၊ ဒါက သမီးလေး Carter အတွက် ကျွန်တော်လိုချင်တဲ့ ကမ္ဘာပါပဲ ” လို့လည်း Kevin က ရေးသားခဲ့ပါတယ်။

.

ဒါ့ပြင် သူ့သမီးငယ်လေးက နောက်ပိုင်းမှာ ဂျီကျပြီး ဆတ်ဆတ်ထိမခံဖြစ်လာပေမဲ့လည်း Joseph က သူမကို မငြိုငြင် ၊ လျစ်လျူမရှုထားဘဲ လိုက်လျောညီထွေအောင် နေပေးခဲ့ကြောင်းလည်း Kevin က ထပ်မံ ပြောပြခဲ့ပါတယ်။ Kevin ဟာ သူ့ဇာတ်လမ်းက တခြားသူတွေကို တစ်ယောက်နဲ့တစ်ယောက် ကြင်နာဖို့ သတိပေးဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေခဲ့ပြီး Joseph အတွက် “ ဒီကမ္ဘာကြီးမှာ မင်းရဲ့အလင်းရောင်ကို လှပစွာ ဆက်လက် ထွန်းလင်းနိုင်ပါစေ” လို့ ဆုတောင်းစကားပြောရင်း “ ဒီအရာဟာ ကြင်နာမှုနှင့် ကရုဏာသက်မှုရဲ့ပုံသဏ္ဌာန်ပါဘဲ ” လို့လည်း အဆုံးသတ် ရေးသားဖော်ပြပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "အငြိမ်မနေဘဲ ဂျီကျနေတဲ့လမ်းလျှောက်တတ်စ ကလေးမလေးကို မငြိုငြင်ဘဲ ငြိမ်သွားအောင် နွေးထွေးစွာ အဖော်လုပ်ပေးခဲ့တဲ့ သူစိမ်းတစ်ဦးကို ကျေးဇူးတင်နေခဲ့တဲ့ ဖခင်"

Leave a comment

Your email address will not be published.


*