မင်္ဂလာပွဲစရိတ်က ဈေးများလွန်းတာကြောင့် ပွဲနေ့မှာတင်ထွက်ပြေးသွားခဲ့တဲ့သတို့သားကို ဒေါသထွက်ကာ တရားစွဲဆိုလိုက်တဲ့ သတို့သမီး

ထိုင်းနိုင်ငံ Kabin Buri ခရိုင် Khao Din ရွာရှိ အသက် ၂၄ နှစ်အရွယ် Arunee Jaengkrachang အမည်ရှိအမျိုးသမီးဟာ အသက် ၂၆ နှစ်အရွယ် Boonyang Sawatdee အမည်ရှိအမျိုးသားနှင့် လက်ထပ်ထိမ်းမြားမဲ့သူမတို့ရဲ့မင်္ဂလာဆောင်ပွဲအတွက်ကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ထိုဒေသရဲ့ဓလေ့ထုံးစံအတိုင်း Boonyang က သူ့ရဲ့ဆွေမျိုးများနှင့်အတူ Arunee ရဲ့နေအိမ်သို့သွားပြီး သူမကို တရားဝင်တင်တောင်းရာမှာ ခန်းဝင်ပစ္စည်းဖိုးကို ဘတ်ငွေ ၂၀၀,၀၀၀ (ဒေါ်လာ ၆,၀၀၀) နှင့် ရွှေ အလေးချိန် ၅ ဘတ်တို့ဖြင့် မိသားစုနှစ်စုက အပြန်အလှန် သဘောတူညီခဲ့ကြပါတယ်။

မင်္ဂလာပွဲစီစဉ်စဉ်အတွင်းမှာ သတို့သားနှင့် သူ့ရဲ့မိသားစုဟာ သူတို့အတွက် ပေးဖို့ဈေးများလွန်းတဲ့ခန်းဝင်ပစ္စည်းကိစ္စနှင့်ပတ်သက်ပြီးလည်း ဘာတစ်ခွန်းမျှမဟခဲ့ကြပါဘူး။ထို့ကြောင့် သတို့သမီးမိသားစုက မင်္ဂလာဆောင်ဖိတ်စာများကို ပုံနှိပ်ကာ အချိန်မတိုင်မီကတည်းက ဧည့်သည်များအား ဖိတ်ကြားခဲ့ပါတယ်။

ထို့မပြင် သတို့သမီးရဲ့မိဘများဖြစ်တဲ့ အဖေဖြစ်သူ Chaowarit Jaengkrachang နှင့် သူ့ရဲ့ဇနီး Sriprapa Phudbomuang တို့ဟာ မင်္ဂလာဆောင်ပွဲနှင့်အခြားသောအသုံးစရိတ်များအတွက် ဘတ် ၆၆,၀၀၀ (ဒေါ်လာ ၂,၀၀၀) အထိကို အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ထို့နောက် မင်္ဂလာပွဲကို မနက် ၆ နာရီမှာစတင်မယ်လို့သတ်မှတ်ထားခဲ့ပေမဲ့ ပွဲနေ့မှာတော့ သတို့သားက ရောက်မလာခဲ့ပါဘူး။

စိုးရိမ်ပူပန်နေတဲ့သတို့သမီးက ဖုန်းလှမ်းဆက်တဲ့အခါ မနက် ၉ နာရီမှာ ရောက်လာမယ်လို့ သတို့သားက အချိန်ပိုတောင်းလိုက်ပါတယ်။ထို့ကြောင့် သတို့သမီးနဲ့သူမရဲ့မိသားစုက စောင့်နေခဲ့ပေမယ့်လည်း သတို့သားဟာ ထိုအချိန်အထိရောက်မလာခဲ့ပါဘူး။

မနက် ၉ နာရီကျော်လောက်မှာတော့ သတို့သမီးက ဖုန်းထပ်ခေါ်ခဲ့ပေမဲ့ ခေါ်ဆိုလို့မရတော့တာကြောင့် ဒေါသထွက်နေတဲ့သတို့သမီးရဲ့မိသားစုက အနောက်ရွာမှာရှိတဲ့သတို့သားရဲ့အိမ်သို့ ချက်ချင်းသွားခဲ့ကြပါတယ်။

အိမ်နီးနားချင်းများက သတို့သားတို့မိသားစုက မင်္ဂလာဆောင်ပွဲဆီသို့ ဦးတည်သွားမယ်လို့ထင်ခဲ့ပေမဲ့ အခြားနေရာသို့ထွက်သွားခဲ့ကြောင်းကိုပြောပြခဲ့ပါတယ်။နောက်ပိုင်းမှာတော့ သတို့သမီးတို့မိသားစုဟာ သတို့သားဖက်က မင်္ဂလာဆောင်ပွဲရဲ့ကုန်ကျစရိတ်က ဈေးအရမ်းများနေလို့ဟု ဆိုခဲ့တဲ့အကြောင်းကို ပြန်လည်ကြားသိခဲ့ရပါတယ်။

ထို့ကြောင့် Arunee ဟာ ဈေးများရင်များတယ်လို့မပြောဘဲ ထွက်ပြေးသွားခြင်းက သူမအားအရှက်ရစေခဲ့တဲ့အပြင် မင်္ဂလာဆောင်အတွက် သူမနှင့်သူမရဲ့မိသားစုက သုံးစွဲခဲ့တဲ့ငွေများကို ရှင်းပေးဖို့သတို့သားကပေါ်မလာခဲ့ခြင်းတို့ကြောင့် ဒေါသထွက်နေခဲ့တဲ့သူမဟာ သတို့သားမိသားစုကို တရားစွဲရန် ဆုံးဖြတ်ခဲ့ပါတယ်။လက်ရှိမှာ ၎င်းအမှုကို တရားရုံးမှာ အဆိုတင်သွင်းထားဆဲဖြစ်ပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "မင်္ဂလာပွဲစရိတ်က ဈေးများလွန်းတာကြောင့် ပွဲနေ့မှာတင်ထွက်ပြေးသွားခဲ့တဲ့သတို့သားကို ဒေါသထွက်ကာ တရားစွဲဆိုလိုက်တဲ့ သတို့သမီး"

Leave a comment

Your email address will not be published.


*