အနားကနေထွက်မသွားတဲ့အပြင် coma ဖြစ်ပြီးမေ့မြောနေရာမှပြန်နိုးလာခဲ့တဲ့ချစ်သူအား ချက်ချင်းလက်ထပ်ခွင့်တောင်းခဲ့တဲ့ ချစ်တတ်လွန်းတဲ့အမျိုးသား

ခက်ခဲတဲ့အချိန်ကို ရောက်လာတဲ့အခါ အချို့သောစုံတွဲတွေဟာ ၎င်းတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံးကမကိုင်တွယ်နိုင်ကြလို့ လမ်းခွဲတတ်လိုက်ကြပါတယ်။ သို့ပေမဲ့ Nicholas William Baldo အမည်ရှိအမျိုးသားအတွက် ချစ်သူဖြစ်သူရဲ့ဖျားနာခြင်းက သူထွက်သွားရန် အကြောင်းပြချက်တစ်ခုမဟုတ်ခဲ့ပါဘူး။ အဲဒီအစား သူဟာ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ သူမအနားမှာရှိနေဖို့ ကတိပြုခဲ့ပါတယ်။

Viktoria Cupay အမည်ရှိချစ်သူဖြစ်သူဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်သို့ ပြောင်းရွှေ့ခဲ့ပေမဲ့ သူမဟာ ၂၀၁၆ ခုနှစ်မှာ lupus ရောဂါခံစားလာခဲ့ရတဲ့အခါ သူမရဲ့ဘဝဟာ ဆိုးရွားတဲ့အလှည့်အပြောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ ထိုစဉ်က အသက်ရှူမဝတာကြောင့် သူမရဲ့မိခင် Greta Cupay က သူမကိုဆေးရုံသို့ အမြန်ခေါ်သွားခဲ့ရပြီး ထိုအချိန်မှာ သူမဟာ ရင်ဘတ်အောင့်ခြင်း၊ အဆစ်နာခြင်း၊ အဖျားတက်ခြင်းများကို တစ်ချိန်တည်းအတူတူ ခံစားခဲ့ရပါတယ်။

Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ lupus ရောဂါကို ကုသရန်ဆေးမရှိသော်လည်း ၎င်းကိုဆေးဝါးများဖြင့် စီမံနိုင်ပါတယ်။ သို့ပေမဲ့ ၎င်းအခြေအနေအတွက် သူမသောက်တဲ့ဆေးများဟာ သူမအား ဆိုးကျိုးဖြသ်စေတဲ့ဆေးဘက်ဆိုင်ရာအခြေအနေသစ်များဖြစ်တဲ့ Stevens-Johnson Syndrome နှင့် toxic epidermal necrolysis တို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

Stevens-Johnson Syndrome ဟာ ရှားပါးတဲ့အခြေအနေတစ်ခုဖြစ်ပေမဲ့လည်း ၎င်းက ခန္ဓာကိုယ်အနှံ့အပြားရှိ အရေပြားနှင့်ချွဲအမြှေးပါးများကို ထိခိုက်စေပါတယ်။ “ သူ့ရဲ့လက်တွေ၊ ခြေတွေ ၊ နောက်ကျော ၊ ရင်ဘတ်နဲ့ သူ့မျက်နှာပေါ်က အရေပြားတွေအကုန်ကို ဖယ်ရှားခံလိုက်ရတယ် ၊ ဆရာဝန်တွေကလည်း အဲ့လို ဘာကြောင့်ဖြစ်တာကို အတိအကျမဖော်ထုတ်နိုက်ကြဘူး၊ ဒါမဲ့ ဒါက သူသောက်ရတဲ့ပဋိဇီဝဆေးကြောင့် ဒါမှမဟုတ် သူ့ရဲ့ lupus ရောဂါကြောင့်လည်း ဖြစ်နိုင်တယ်” မိခင်ဖြစ်သူက ဆိုခဲ့ပါတယ်။

ဤအခြေအနေသစ်များကြောင့် သူမအား ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ပြီးတစ်လအကြာမှာ Viktoria ဟာ coma ဖြစ်ကာမေ့မြောသွားခဲ့ပါတယ်။

ဆရာဝန်များက သူမဟာ သမီးဖြစ်သူကိုဆုံးရှုံးရနိုင်တယ်လို့ မိခင် Greta အား ပြောခဲ့ပေမဲ့လည်း သူမက လက်မလျှော့ခဲ့တဲ့အပြင် Viktoria ရဲ့ချစ်သူ Nicholas ကလည်း သူမအချိန်တော်တော်ကြာမေ့မြောနေရင်တောင် သူမရဲ့အနားမှာ အမြဲအတူရှိနေခဲ့ပါတယ်။

နောက်ဆုံး သူမနိုးလာသောအခါ Nicholas က သူမအား “ မင်းအတွက် ငါဒီမှာထာဝရရှိနေမယ်ဆိုတာ မင်းကို သိစေချင်တယ်၊ ငါတို့နှစ်ယောက်စလုံးအတူရှိနေသရွေ့ငါမင်းအနားမှာ ရှိနေမယ် ၊ ဒါကြောင့် ဒီနေ့ ဒီလက်စွပ်ကို မင်းကိုပေးချင်တယ် ၊ Victoria Angela Cupay လေး မင်းငါ့ကိုလက်ထပ်နိုင်မှာလား ” ဟု လက်ထပ်ခွင့်တောင်းခဲ့ပြီး Viktoria ကလည်း မတုံ့မဆိုင်းဘဲ yes လို့ဆိုကာ ချက်ချင်းလက်ခံခဲ့ပါတော့တယ်။

Mia (Mckzone Daily)

Source : ofwtambayan

Be the first to comment on "အနားကနေထွက်မသွားတဲ့အပြင် coma ဖြစ်ပြီးမေ့မြောနေရာမှပြန်နိုးလာခဲ့တဲ့ချစ်သူအား ချက်ချင်းလက်ထပ်ခွင့်တောင်းခဲ့တဲ့ ချစ်တတ်လွန်းတဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*