ခွေးလေးတစ်ကောင်အား ၎င်းသခင့်အပေါ်မည်မျှသစ္စာရှိပုံကို အလွယ်တကူကောက်ချက်ချလို့မရနိုင်ပါဘူး။ ၎င်းတို့က လူတွေနဲ့အခြားတိရစ္ဆာန်တွေကို ကူညီဖို့အပြင် ၎င်းတို့အားဂရုစိုက်တဲ့သူတွေကို ချွင်းချက်မရှိတဲ့မေတ္တာပြန်ပြရန်အတွက်လည်း ကောင်းကောင်းကြီးသိနေကြပါတယ်။ လမ်းဘေးတစ်နေရာရှိထိုင်ခုံတန်းမှာထိုင်နေခဲ့တဲ့ အဘွားတစ်ဦးနှင့် သူမရဲ့အနီးမှာ ထိုင်နေခဲ့တဲ့ အညိုရောင်ခွေးလေးတစ်ကောင်တို့ရဲ့ဓာတ်ပုံတစ်ပုံဟာ social media ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ခွေးလေးဟာ အဘွားရဲ့အနားကမခွာဘဲ အလွန်သတိကြီးစွာထိုင်နေခဲ့ပြီး ၎င်းတို့အနီးနားသို့ ရောက်လာနိုင်တဲ့ခြိမ်းခြောက်မှုတွေ ၊ သံသယဖြစ်စရာဇာတ်ကောင်တွေကိုလည်း သေချာစွာလိုက်ကြည့်နေခဲ့ပါတယ်။ ထိုဓာတ်ပုံကို ဖြတ်သွားဖြတ်လာတစ်ဦးက ရိုက်ကူးခဲ့ပြီး လူအများက အဘွားရဲ့ကျန်းမာရေးကို မေးမြန်းကာ ညနက်နေတာတောင်အပြင်မှာရှိနေသေးတဲ့အဘွားကို စိတ်ပူနေခဲ့ကြရပါတယ်။
ထို့နောက် အဘွားရဲ့သမီးဖြစ်သူက ထိုဓာတ်ပုံကို မြင်သွားခဲ့ပြီး စိုးရိမ်ပေးခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးတင်ခဲ့ပါတယ်။ သူမအမေလည်း ဘေးကင်းကြောင်း ၊ ၎င်းအဖြစ်အပျက်အားပြန်ပြောပြတဲ့အခါ အမေဖြစ်သူကနှလုံးသားထိမိသွားခဲ့ကြောင်းကိုပါ ပြန်ပြောပြခဲ့ပါတယ်။
ထိုဓာတ်ပုံထဲရှိ အဘွား Madam Xiang က ၎င်းတို့မိသားစုဟာ လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က အဆိုပါခွေးလေးကိုတွေ့ခဲ့ပြီး Ah Du ဟုအမည်ပေးခဲ့ပြီး နူးညံ့သိမ်မွေ့တဲ့ခွေးလေးက မိသားစုနှင့်ခင်တွယ်လာတာကြောင့် သုံးဘီးဆိုင်ကယ်နဲ့သွားလေရာသွားတတ်တဲ့အဘွားတို့ဇနီးမောင်နှံနောက်ကို တကောက်ကောက်လိုက်လေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။ အဘွားရဲ့ခင်ပွန်းကွယ်လွန်သွားခဲ့စဉ်က Ah Du ဟာ အထူးသဖြင့် အဘိုးနှင့်အလွန်နီးကပ်စွာနေခဲ့တာကြောင့် အလွန်စိတ်ထိခိုက်ခဲ့ရပါတယ်။
အဘွား Xiang အား ဆေးရုံတင်ခဲ့ရစဉ်ကလည်း Ah Du ဟာ အဆောက်အဦး အပြင်ဘက်မှာ ထိုင်ပြီးသူ့သခင်ကို စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့သလို အဘွား Xiang ရဲ့အနားမှာအတူမရှိနေနိုင်တာကြောင့် Ah Du ဟာ အရမ်းဝမ်းနည်းသွားခဲ့ပြီး ရက်အတော်ကြာမစားမသောက်ဘဲ နေခဲ့ပါသေးတယ်။
အဘွား Xiang က ခွေးလေးတွေကို အရမ်းချစ်တတ်ပြီး လူတွေဘာလုပ်နေတယ်ဆိုတာကို ခွေးလေးတွေက ကောင်းကောင်းသိကြကြောင်း ပြောခဲ့ပါတယ်။
ထို့အပြင် အဘွား Xiang က သူမရဲ့ပြီးခဲ့တဲ့နေ့ရက်တိုင်းကို Ah Du နှင့်အတူ ဖြတ်သန်းခွင့်ရခဲ့လို့ သူမဟာ အတော်လေးကံကောင်းတဲ့လူတစ်ယောက်ဖြစ်ကြောင်းကိုပါ ပြောကြားခဲ့ပါသေးတယ်။
JRose (Mckzone Daily)
Source : gtgoodtimes
Be the first to comment on "ပင်ပန်းလို့ခဏမှောက်အိပ်နေခဲ့တဲ့သခင်ဖြစ်သူအား ဘေးကနေ စိုးရိမ်တကြီးနဲ့ မျက်စိထောင့်ထောက်စောင့်ကြည့်ပေးနေခဲ့တဲ့ ခွေးလိမ္မာ"