Friendship ဆိုတဲ့သူငယ်ချင်းခင်မင်ရင်းနှီးမှုဆိုသည်မှာ သူစိမ်းတွေအတွက် ဘာကိုမှမမျှော်လင့်ဘဲ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားမှုနဲ့ စစ်မှန်တဲ့လေးစားမှုတွေဖြစ်လာနိုင်တဲ့ရှားပါးတဲ့နှောင်ကြိုးတွေထဲကတစ်ခုပါ။ ငယ်ရွယ်စဉ်ကတည်းကခင်မင်လာတဲ့ခင်မင်ရင်းနှီးမှုက ပိုစိတ်ဝင်စားဖို့ကောင်းစေတဲ့အရာပါ။ ခုလည်း မိန်းကလေးငယ်လေးဦးတို့ဟာ ကံမကောင်းသည့်အခြေအနေ၌ မတူညီတဲ့နေရာများမှာပွင့်ခဲ့သည့်အံ့သဩဖွယ်ကောင်းသောခင်မင်ရင်းနှီးမှုကို အချင်းချင်းမျှဝေခဲ့ကြပါတယ်။ McKinley, Chloe, Ava နှင့် Lauren အမည်ရှိကြတဲ့ကလေးမလေးတို့ဟာ လွန်ခဲ့တဲ့လေးနှစ်က Florida ပြည်နယ်ရှိ Johns Hopkins ဆေးရုံ၌ ကင်ဆာရောဂါကုသမှုခံယူရန် တူညီတဲ့အကြောင်းပြချက်ဖြင့် တွေ့ဆုံခဲ့ကြပါတယ်။ ယခု အသက် လေးနှစ်နှင့်ငါးနှစ်အရွယ်ရှိကြတဲ့ကလေးမလေးတွေဟာ နှစ်စဉ်နှစ်တိုင်း တစ်ဦးတစ်ယောက်မှပျက်ကွက်ခြင်းမရှိဘဲ အတောက်ပဆုံးအပြုံးလေးများအား ပန်ဆင်ကာ အားလုံးအတူတကွဓာတ်ပုံရိုက်ရန် စုရုံးလေ့ရှိခဲ့ကြပါတယ်။
.
McKinley, Ava နှင့် Lauren တို့ဟာ ပြင်းထန်တဲ့ lymphoblastic သွေးကင်ဆာရှိနေပြီး Chloe မှာတော့ ရှားပါးတဲ့အဆုတ်ကင်ဆာကိုခံစားခဲ့ရပါတယ်။ ၎င်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် မကြာခဏတွေ့ဆုံခဲ့ကြတာကြောင့် သူငယ်ချင်းကောင်းများဖြစ်လာခဲ့ကြပါတယ်။ ၎င်းတို့၏အမေများက ၎င်းတို့၏သမီးငယ်များက ခက်ခဲကြမ်းတမ်းသောလုပ်ထုံးလုပ်နည်းများကို ဖြတ်ကျော်နိုင်ရန် အချင်းချင်းဖေးမခဲ့တဲ့အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ Lauren ရဲ့မိခင် Shawna Glynn က သမီးဖြစ်သူဟာ အသက် ၃ နှစ်မှာဆံပင်တွေမရှိတော့ပေမယ့် ဆေးရုံကသူငယ်ချင်းတွေအားလုံးကလည်း ပုံစံတူနေတော့ သူမစိတ်သက်သာရာရခဲ့ကြောင်း ဆိုခဲ့ပါတယ်။
.
Ava ၏မိခင် Alyssa Luciano ကလည်း “ သူတို့အားလုံးက ပထမဆုံးအကြိမ်အဖြစ် အားလုံးတက်ကြွစွာ ဆေးကုသမှုခံယူခဲ့ကြတယ်၊ ဆံပင်မရှိတဲ့ကလေးတွေက ဘယ်လောက်ဘဲဝေးနေဝေးနေ အခုလိုအတူဆုံတွေ့ကြရတာက အံ့ဩစရာကောင်းတယ် ” ဟုဆိုခဲ့ပါတယ်။ “ သမီးလေးက သူငယ်ချင်းတွေနဲ့အတူတူရှိရင် ပြုံးပျော်နေတတ်ပြီး သူမ တစ်ယောက်တည်းခံစားနေရတာမဟုတ်ဘူးဆိုတာကို သိသွားခဲ့တယ်” ဟု McKinley ၏မိခင် Karen Moore ကလည်း ပြောကြားခဲ့ပါတယ်။
.
ကလေးမများကဲ့သို့ပင် မိခင်များသည်လည်း စိတ်ပိုင်းဆိုင်ရာနှင့်ကိုယ်ကျင့်တရားဆိုင်ရာအထောက်အပံ့များကို အချင်းချင်းအပြန်အလှန်ပံ့ပိုးခဲ့ကြပါတယ်။ “ တစ်ခြားအမေတွေနဲ့ဆက်နွယ်မှုရှိခြင်းဟာ အံ့ဩဖို့ကောင်းသလို သူတို့တွေကလည်း ငါတို့နဲ့အတူတူ အခက်အခဲများကို တစ်ချိန်တည်းဖြတ်သန်းနေရတယ် ” ဟု Karen က စိတ်သက်သာရာရကြောင်း ပြောကြားခဲ့ပါတယ်။
.
ကလေးမလေးတွေဟာ နှစ်စဉ်နှစ်တိုင်း ၎င်းတို့ရဲ့အခြေအနေနှင့်ဖြစ်ပျက်ခဲ့တာတွေကို အချင်းချင်းပြန်ပြောပြဖို့ အစဉ်အလာတစ်ခုအနေနဲ့ ဓာတ်ပုံအတူရိုက်လေ့ရှိခဲ့ကြပါတယ်။ သို့ရာတွင် ၂၀၁၈ ခုနှစ်ဟာ နောက်ဆုံးမှာ ၎င်းတို့လေးယောက်စလုံးက လွတ်ငြိမ်းခွင့်ရသည့်နှစ်ဖြစ်တာကြောင့် ၎င်းတို့အတွက် အထူးနှစ်ဖြစ်ခဲ့ပါတယ်။
Lauren ဟာ သူမ၏ကုသမှုကို အပြီးသတ်ရန် နောက်ဆုံးတစ်ယောက်ဖြစ်သော်လည်း ကင်ဆာကိုတိုက်ထုတ်နိုင်ခဲ့တဲ့ကျန်ကလေးမများနှင့်၎င်းတို့၏မိခင်တို့ဟာ Lauren နှင့်အတူဓာတ်ပုံရိုက်ရန် ဆေးရုံသို့မဖြစ်မနေသွားရောက်ခဲ့ကြပါတယ်။ မိခင်များဟာ ကင်ဆာအား တိုက်ထုတ်ခြင်းနှင့်အခက်အခဲများကြားရှိခင်မင်မှုကိုမြှင့်တင်ပေးခြင်းတို့ဖြင့် ၎င်းတို့၏စုပေါင်းအင်အားကိုဂုဏ်ပြုသည့်အနေနှင့် ၎င်းအစဉ်အလာကို နှစ်စဉ် ဆက်လက်ကျင်းပနိုင်ရန်အတွက်ကိုပါ မျှော်လင့်နေခဲ့ကြပါသေးတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "ကင်ဆာရောဂါအားတိုက်ထုတ်ခြင်းကို အတူတကွအောင်ပွဲခံနိုင်ရန် နှစ်စဉ်နှစ်တိုင်း အုပ်စုလိုက်ဓာတ်ပုံရိုက်ကူးထားခဲ့ကြတဲ့ မိန်းကလေးငယ်လေးဦး"