အမူးလွန်ပြီး လမ်းပျောက်သွားခဲ့လို့ တောထဲ၌လေးရက်ကြာပိတ်မိနေခဲ့ရတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့အဖြစ်

မကြာသေးမီကပင် သက်ကြီးရွယ်အိုဗြိတိသျှနိုင်ငံခြားသားတစ်ဦးဟာ အိမ်ပြန်ဖို့ လမ်းစပျောက်ကာ လေးရက်ကြာပြီးမှ ထိုင်းနိုင်ငံ Phetchaburi ခရိုင်ရှိတောအုပ်တစ်ခုကနေ ကယ်ဆယ်ရေးသမားများရဲ့ကယ်ဆယ်ခြင်းကိုခံခဲ့ရပါတယ်။ အဆိုပါ Franciscus Johannes van Rossum အမည်ရှိအသက် ၇၈ နှစ်အရွယ်ဒိန်းမတ်ပင်စင်စားတစ် ဦးဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် အနီးအနားရှိဘားတစ်ခုသို့သွားခဲ့ပုံရပါတယ်။ သူဟာ မော်တော်ဆိုင်ကယ်ဖြင့် အိမ်သို့မပြန်ခင်မှာ ဘား၌ အပျော်လွန်ပြီး သူအကြိုက်ဆုံး Chang ဘီယာပုလင်း ၅ လုံးကိုမော့သောက်ခဲ့ပါတယ်။

သို့သော် Franciscus ဟာ အလွန်အကျွံအရက်မူးနေပုံရပြီး အိမ်သို့ဘေးကင်းစွာပြန်ရောက်ရန်ကြိုးစားနေစဉ် သူဟာ ပြန်လတ်စတစ်နေရာမှာ လမ်းစပျောက်သွားခဲ့ပါတယ်။

မှတ်တမ်းများအရ Franciscus ၏အသက် ၆၁ နှစ်အရွယ်ဇနီး Ratchata Chanwichit ဟာ သူမ၏ချစ်လှစွာသောခင်ပွန်းက တစ်ခုခုဖြစ်နေခဲ့ပုံရသည်ဟုထင်ပြီး ခင်ပွန်းအကြောင်းမေးမြန်းရန် အရက်ဆိုင်သို့သွားခဲ့ပေမဲ့ အရက်ဆိုင်ရှိ မည်သူမဆိုက သူမအား ပြောပေးနိုင်ခဲ့သည့်တစ်ခုတည်းသောအရာမှာ သူမ၏ခင်ပွန်းဟာ လွန်ခဲ့တဲ့အချိန်အနည်းငယ်ကတည်းက ဆိုင်မှထွက်ခွါသွားခဲ့ကြောင်းဆိုခဲ့ကြပြီး ပိုဆိုးတာက ခင်ပွန်း Franciscus ဟာ သူမရဲ့ဖုန်းကို ဆက်တိုက်မကိုင်နေခဲ့ပါဘူး။

နောက်တစ်နေ့မနက်မှာတော့ ဇနီး Ratchata ဟာ ခင်ပွန်းဖြစ်သူထံမှ ဖုန်းလက်ခံရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူက မုန်တိုင်းတစ်ခုအတွင်း Khong Ta Bang တော၌ပျောက်ဆုံးသွားကြောင်း ပြောကြားခဲ့ပါတယ်။

ချက်ချင်းပင် ဇနီးဖြစ်သူဟာ သနားစရာ ခင်ပွန်း Franciscus အတွက် ရှာဖွေရေးကိုစီစဉ်ပေးရန် အာဏာပိုင်များကိုခေါ်ခဲ့ပါတော့တယ်။ Franciscus ပျောက်ကွယ်သွားပြီးလေးရက်အကြာမှာ ၎င်းတောရဲ့အစွန်အဖျားမှာ ဒေသခံအချို့က မော်တော်ဆိုင်ကယ်တစ်စီးကို တွေ့ခဲ့ကြပြီး နောက်ဆုံး ည ၁၁ နာရီလောက်မှာ အာဏာပိုင်များက ခြေကိုက်ရာအဖုများနှင့် ရွှံရေအိုက်တစ်ခု၌လဲအိပ်နေတဲ့ Franciscus ကို ရှာဖွေတွေ့ရှိခဲ့ကြရပါတယ်။

“ ငါသေလိမ့်မယ်လို့ထင်နေခဲ့တယ် ၊ ငါ့ဖုန်းဘက်ထရီက ကုန်သွားပြီး ဆိုင်ကယ်ကလည်း ဓာတ်ဆီကုန်သွားခဲ့တယ် ၊ မိုးကလည်းရွာ ၊ စားစရာကလည်းဘာမှမရှိနေခဲ့ဘူး ၊ ဒေသခံတွေရဲ့အသံကြားရတော့ ငါအရမ်းစိတ်သက်သာရာရခဲ့တယ် ၊ သူတို့ကငါ့အသက်ကိုကယ်ခဲ့တယ်၊ ငါလုံခြုံပြီး ငါ့ဇနီးနဲ့ပြန်တွေ့ရတော့ အရမ်းပျော်တယ် ” ဟု စိတ်သက်သာရာရသူ Franciscus က ဒေသခံမီဒီယာသို့ ပြောကြားခဲ့ပါတယ်။

အဆုံးမှာ တော၌လေးရက်ကြာပိတ်မိနေသော်လည်း Franciscus ဟာ ကံကောင်းစွာ ခြစ်ရာ ၊ အဖုအထစ်များနှင့်ရေဓာတ်ဆုံးရှုံးခြင်းအနည်းငယ်ကိုသာ ခံစားခဲ့ရပါတယ်။

Mia (Mckzone daily)

Reference : mashable

Be the first to comment on "အမူးလွန်ပြီး လမ်းပျောက်သွားခဲ့လို့ တောထဲ၌လေးရက်ကြာပိတ်မိနေခဲ့ရတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*