သီချင်းနားထောင်နိုင်ပြီး ရေဒီယိုအသံလွှင့်ဌာနပေါင်း ၁၀၀ ကိုလည်း ချိတ်ဆက်နိုင်တဲ့ သစ်သားဆိုလာသုံးလျှပ်စစ်စက်ဘီးကိုတီထွင်ခဲ့တဲ့ ဆယ်ကျော်သက် (ရုပ်သံ)

သူ၏အရင်းအမြစ်များကအကန့်အသတ်ရှိနေသော်လည်း ထက်မြက်တဲ့ အသက် ၁၇နှစ်အရွယ် ဂါနာလူမျိုး Samuel Aboagye အမည်ရှိဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ သစ်သားဘောင်တစ်ခုနှင့်နေရောင်ခြည်သုံးလျှပ်စစ်စက်ဘီးတစ်စီးကို တီထွင်ခဲ့ပါတယ်။ ၎င်းဆိုလာစွမ်းအင်သုံးစက်ဘီးတွင် အချက်ပြမီးများ၊ ဟွန်းတီးသံ၊ တေးသီချင်းများနားထောင်နိုင်ပြီး Accra မြို့ရှိအသံလွှင့်ဌာနပေါင်း ၁၀၀ သို့ဆက်သွယ်နိုင်သလို ဘီးတပ်ထားတဲ့၎င်းလျှပ်စစ်စက်ဘီးဟာ ဖုန်းမကိုင်ဘဲဖုန်းခေါ်ဆိုခြင်းကိုတောင် ဖြေကြားပေးနိုင်ပါတယ်။ J Country ,Tema Community 2 တွင်နေထိုင်တဲ့ Aboagye ဟာ ၎င်းလျှပ်စစ် Scooter ကိုတည်ဆောက်ရန် သူ့အားလှုံ့ဆော်ပေးခဲ့တဲ့အရာကိုလည်း ပြန်ပြောပြထားပါတယ်။

.

Aboagye က သူရဲ့နေအိမ်မှာ သစ်သားအတိုအစတွေအများကြီးရှိသလို အိမ်နီးချင်းများက ၎င်းကို ထင်းအဖြစ်သုံးကြကြောင်း ၊ တစ်နေ့မှာ သူက ၎င်းသစ်သားတွေကို အခြားအရာတွေအတွက် သုံးနိုင်တယ်လို့ကိုယ့်ကိုကိုယ်တွေးခဲ့မိကြောင်း ပြောပြခဲ့ပါတယ်။ အစပိုင်းမှာတော့ Aboagye ဟာ သစ်သားဖြင့်ကားတစ်စီးတည်ဆောက်ရန်စိတ်ကူးခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် လျှပ်စစ် Scooter တစ်စီးကိုသာပြုလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။

.

သစ်သားများ ၊ မိခင်၏အပ်ချုပ်စက်မှမော်တာနှင့်သူ၏စက်ဘီးဟောင်းမှအစိတ်အပိုင်းများကို အသုံးပြု၍ သူဟာ အခက်အခဲမရှိဘဲချောမွေ့စွာမောင်းနှင်နိုင်တဲ့လျှပ်စစ်စက်ဘီးတစ်စီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ Scooter ကိုတည်ဆောက်ပြီးနောက် လျှပ်စစ်မော်တာဝယ်ဖို့မတတ်နိုင်တာကြောင့် ဖုန်းဘက်ထရီအလုံး ၂၀ ဖြင့် ၎င်းကို စတင်မောင်းနှင်ခဲ့ပါတယ်။ သို့သော် စက်ဘီးစီးနေတဲ့သူ့ကိုတွေ့လိုက်တဲ့အခါ သဘောကောင်းတဲ့ဖြတ်သွားဖြတ်လာသူတစ်ဦးထံမှ ငွေသားအချို့ဖြင့်အကူအညီရရှိခဲ့ပါတယ်။ ထို့နောက် သူဟာ မော်တာဘက်ထရီတစ်လုံးကို ဝယ်ယူနိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍာန်ကို မထိခိုက်စေရုံသာမက လေထုညစ်ညမ်းခြင်းကဲ့သို့သောသဘာဝပတ်ဝန်းကျင်ပြဿနာများကိုဖြေရှင်းရာတွင်ကူညီရန် ရည်ရွယ်ခဲ့ပါတယ်။

Aboagye က solar စွမ်းအင်ကို ရွေးချယ်ရခြင်းအကြောင်းအရင်းက ရောဂါဖြစ်ပွါးစေတဲ့ပတ်ဝန်းကျင်ရှိ ကာဗွန်အောက်ဆိုဒ်ကို လျှော့ချရန်ဖြစ်ပြီး ၎င်း Scooterကို အီလက်ထရောနစ်စနစ်ဖြင့်အားသွင်းနိုင်ပြီး နေရောင်ခြည်အကူအညီဖြင့် အားသွင်းစရာမလိုဘဲ တစ်ပတ်တိတိ မောင်းနှင်နိုင်ကြောင်းဆိုပါတယ်။

လျှပ်စစ်စက်ဘီးအပြင် အထက်တန်းကျောင်းသား Aboagye ဟာ မောင်းသူမဲ့လေယာဉ်၊ အဝတ်လျှော်စက်၊ Bluetooth စပီကာနှင့်အီလက်ထရောနစ် veronica ပုံးတို့ကိုတည်ဆောက်ခဲ့ပါတယ်။ YEN.com.gh နှင့်အင်တာဗျူးတွင် Aboagye က သူဟာ Kantanka Automobile တည်ထောင်သူ Apostle Dr Kwadwo Safo Kantanka အား စံပြထားကြောင်း ဆိုခဲ့ပါတယ်။

ထို့ပြင် Aboagye ဟာ ကြီးပြင်းလာတဲ့အခါ Safo Kantanka လို ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ချင်ပြီး လူတွေကိုအလုပ်ခန့်တာ၊ ချို့တဲ့သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးချင်ကြောင်း နှင့် အသက်ကြီးလာရင် Safo Kantanka လိုဖြစ်လာဖို့က သူ့ရဲ့တစ်ခုတည်းသောအိပ်မက်ဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

Mia (Mckzone daily)

Reference : legit

Be the first to comment on "သီချင်းနားထောင်နိုင်ပြီး ရေဒီယိုအသံလွှင့်ဌာနပေါင်း ၁၀၀ ကိုလည်း ချိတ်ဆက်နိုင်တဲ့ သစ်သားဆိုလာသုံးလျှပ်စစ်စက်ဘီးကိုတီထွင်ခဲ့တဲ့ ဆယ်ကျော်သက် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*