၁၇ နှစ်အကြာမှာ မီးလောင်တဲ့နေအိမ်မှကယ်တင်ပေးခဲ့တဲ့ ကလေးမလေးထံမှမျှော်လင့်မထားတဲ့သတင်းတစ်ခုကိုလက်ခံရရှိခဲ့တဲ့ မီးသတ်သမားဟောင်းတစ်ဦး (ရုပ်သံ)

လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်က မီးသတ်သမားများဖြစ်ခဲ့ကြတဲ့ Mike Hughes အမည်ရှိအမျိုးသားနှင့်အဖွဲ့သားတို့ဟာ အိမ်တစ်လုံးမီးလောင်နေကြောင်း သတင်းရခဲ့ပြီး ချက်ချင်းပင် အခင်းဖြစ်ပွါးရာသို့အမြန်ပြေးသွားခဲ့ကြပါတယ်။ ၎င်းတို့ရောက်တဲ့အခါ ထိုအိမ်ရဲ့မီးကပိုပိုပြီးကြီးလာသလို မီးခိုးငွေ့များကလည်း အဆက်မပြတ်ထွက်နေခဲ့ပါတယ်။ သို့ပေမဲ့ Mike ဟာ အိမ်ထဲပိတ်မိနေတဲ့မိသားစုကိုကယ်ဆယ်ရန် ထိုအိမ်ထဲသို့ဝင်ရောက်ခဲ့ပြီး သူမအိပ်ခန်းထဲ၌အိပ်ပျော်နေခဲ့တဲ့ ၉ လသားအရွယ် Dawnielle Davidson အမည်ရှိကလေးမလေးကိုတွေ့လိုက်ရတဲ့အခါမှာ သူမကိုချက်ချင်းကောက်ချီလိုက်ပြီး မီးခိုးငွေ့တွေကြားထဲမှအိမ်ရှေ့တံခါးသို့ချီသွားကာ သူမကိုမီးထဲကနေအရင် အောင်မြင်စွာကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာဘဲ ထိုမီးလောင်မှုမှာ ဘယ်သူမှထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။

မယုံကြည်နိုင်လောက်တဲ့ထိုကယ်ဆယ်မှုကြောင့် Mike ရဲ့လက်ဖြင့်ကလေးမလေး Dawnielle အားပွေ့ပိုက်ထားတဲ့ဓာတ်ပုံဟာ Wenatchee သတင်းစာတစ်စောင်မှာ ထပ်မံဖော်ပြခံခဲ့ရပါတယ်။ Mike ဟာ ထိုကယ်ဆယ်ရေးက သူ့ရဲ့စိတ်ထဲ၌အလွန်စွဲကပ်သွားစေခဲ့တာကြောင့် နောက်ဆုံး Dawnielle ကိုပြန်လည်ရှာဖွေရန် Facebook ပေါ်တက်ခဲ့ပြီးနောက် “ ငါ အရင်ကမီးထဲကဆွဲထုတ်ပေးခဲ့တဲ့ကလေးက မင်းထင်တယ် ” လို့ပြောထားတဲ့စာတစ်စောင်ကို သူမအား ပို့ပေးခဲ့ပါတယ်။

ထို့နောက် Dawnielle က သူမရဲ့မိဘများမှထိုအဖြစ်အပျက်ကိုအတည်ပြုခဲ့ပြီး နောက်ပိုင်း Dawnielle နှင့် Mike တို့ဟာ အဆက်အသွယ်မပြတ်ရှိလာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဇွန်လမှာတော့ Mike ဟာ Dawnielle ထံမှ သူမရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းအမှတ်သင်္ကေတအဖြစ် သူမရဲ့အထက်တန်းကျောင်းဘွဲ့နှင်းသဘင်ကို အတူတက်ရောက်ပေးရန် ကမ်းလှမ်းဖိတ်ကြားခံခဲ့ရပါတယ်။

Dawnielle ဟာ သူမရဲ့အသက်ကိုကယ်တင်ရန် Mike လုပ်ခဲ့တဲ့အရာအတွက် အမှန်တကယ်ပင်ကျေးဇူးတင်ပြီး သူမရဲ့ဘွဲ့ယူချိန်မှာ Mike နှင့်အတူရှိနေခြင်းက သူမအတွက် စိတ်ပိုင်းဆိုင်ရာအဓိပ္ပါယ်ရှိစေခဲ့ကြောင်းကို ” အဲဒီခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းတကယ်မသိဘူး၊ သေဖို့ဖြစ်သွားတော့မဲ့ကျွန်မရဲ့အသက်ကို ထပ်ပြီးဆွဲဆန့်ပေးခဲ့တဲ့ ဦးလေး Mike ကို အရမ်းကျေးဇူးတင်နေမိတယ် ၊ သူ့ကြောင့်လည်း အခုလို ဘွဲ့ယူဖို့အထိ ဖြစ်လာခွင့်ရခဲ့တယ်” လို့ Dawnielle ကဆိုခဲ့ပါတယ်။

Mike လည်း “ တကယ်လို့ ဦးလေးနဲ့ဦးလေးရဲ့အဖွဲ့သားတွေမရှိခဲ့ရင် သမီးလည်းဒီနေရာမှာရှိနေမှာမဟုတ်ဘူး ” လို့ပြောတဲ့ Dawnielle ရဲ့စကားက သူတို့အပေါ်ကိုအကျိုးများစွာသက်ရောက်စေပြီး သူ့အားမျက်ရည်ကျစေခဲ့ကြောင်းပြောပြခဲ့ပါတယ်။

မီးသတ်သမားတစ်ဦးအနေနဲ့သူ့အသက်ကိုစတေးရမယ်လို့ဆိုရင်တောင် သူက အသက်ပေါင်းများစွာကိုကယ်နိုင်ခဲ့လို့ကိုယ့်ကိုကိုယ်ဂုဏ်ယူကြောင်း နှင့် ၎င်းကလည်း သူ့ရဲ့အသက်မွေးဝမ်းကျောင်းမှုနှင့်မီးသတ်ဝန်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း Mike က ထပ်မံပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : mymodernmet

Be the first to comment on "၁၇ နှစ်အကြာမှာ မီးလောင်တဲ့နေအိမ်မှကယ်တင်ပေးခဲ့တဲ့ ကလေးမလေးထံမှမျှော်လင့်မထားတဲ့သတင်းတစ်ခုကိုလက်ခံရရှိခဲ့တဲ့ မီးသတ်သမားဟောင်းတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*