ဗိုက်နာပြီး ၈မိနစ်အကြာမှာဘဲ ကလေးမွေးထုတ်ခဲ့တဲ့ ကိုယ်ဝန်ရှိနေခဲ့မှန်းမသိခဲ့တဲ့ မိခင်တစ်ဦးရဲ့အဖြစ်

Finland နိုင်ငံ Turku မြို့မှ အသက် ၂၃ နှစ်အရွယ် Tilda Kantala အမည်ရှိအမျိုးသမီးတစ်ဦးဟာ တစ်ရက် အိပ်ယာမှနိုးလာတဲ့အခါ သူမဟာ ကိုယ်ဝန်ရှိနေမှန်းမသိဘဲ ဗိုက်နာတဲ့ဝေဒနာကိုခံစားခဲ့ရပြီးနောက် ၈ မိနစ်အကြာမှာဘဲ ရုတ်တရက် ကလေးမွေးချခဲ့ပြီးနောက် ၎င်းအဖြစ်ဟာ သူမဘဝအတွက် အံ့ဩတုန်လှုပ်စရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ သူမဟာ အိပ်ယာမှနိုးလာတော့ အစာမှားလို့ဗိုက်နာတာလို့ထင်နေခဲ့ပေမဲ့ နောက်တော့ ဗိုက်နာတဲ့ခံစားချက်ဟာ တစ်ခုခုကတွန်းနေသလိုနဲ့ သူမအတွက် အရမ်းရင်းနှီးတဲ့ခံစားချက်တစ်ခုဖြစ်လာခဲ့ပြီး သူမဟာ ကလေးမွေးထုတ်တော့မှာကို နားလည်သွားခဲ့ရပါတယ်။ အသက်နှစ်နှစ်အရွယ် Aleia ဆိုတဲ့သမီးလေးရဲ့မိခင်လည်းဖြစ်တဲ့ Tilda ဟာ သူမရဲ့ရာသီစက်ဝန်းဟာ ပုံမှန်ဖြစ်နေခဲ့ပြီး သူမဖျားနာခြင်းမရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

သူမဟာ သူမကိုယ်အလေးချိန်အနည်းငယ်တက်ခဲ့သော်လည်း ၎င်းက ပုံမှန်ကိုယ်ဝိတ်တက်ခြင်းလို့သာထင်နေခဲ့ပါတယ်။ သူမမိသားစုနှင့်အတူအလည်အပတ်သွားခဲ့တဲ့နွေရာသီအိမ်တစ်အိမ်၌ ရုတ်တရက်ကလေးမွေးဖွားလိုက်မှ Tilda ဟာ သူမရဲ့အဖြစ်ကိုအံ့ဩစွာသိခဲ့ရပါတယ်။

သူမနိုးလာခဲ့စဉ်က သူမအမေနှင့်ညီမဖြစ်သူနှင့်သမီးဖြစ်သူတို့က အပြင်မှာရှိနေခဲ့ပြီး အမေဖြစ်သူက ပစ္စည်းတစ်ခုခုယူဖို့ အိမ်ထဲရောက်လာတဲ့အချိန်မှာတော့ Tilda က အလန့်တကြားအော်ခေါ်လိုက်ပြီး အမေဖြစ်သူကပြေးလာရင်း ထိုအချိန်မှာ ကလေးရဲ့ခေါင်းကအနည်းငယ်အပြင်ဘက်ကိုတောင်ထွက်လာနေပြီဖြစ်ပါတယ်။ ထို့နောက် မိခင်ဖြစ်သူက “ နင် ဗိုက်ကြီးနေခဲ့တာလား ” လို့မေးတော့ Tilda က “ ဟုတ်မယ်ထင်တယ်” လို့ကြောင်တောင်တောင်နဲ့သာပြန်ဖြေခဲ့ရပါတယ်။

ထို့နောက် ဦးလေးဖြစ်သူကလည်း အရေးပေါ်လူနာတင်ယာဉ်လှမ်းခေါ်ခဲ့ပေမဲ့ လူနာတင်ယာဉ်ရောက်လာတော့ Tilda က ကလေးတောင်မွေးပြီးသွားခဲ့ပါပြီ။ ထို့နောက် Tilda ဟာ ကိုယ်ဝန်တစ်လျှောက်လုံးတွင်မည်သည့်စစ်ဆေးမှုနှင့်စမ်းသပ်မှုမှမပြုလုပ်ခဲ့ရတာကြောင့်စစ်ဆေးရန် ဆေးရုံသို့ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။

“ ကလေးထွက်လာတဲ့အချိန်မှာ အမေက ဘေးကနေကူပေးရင်း ဦးလေးကလည်း လူနာတင်ယာဉ်ခေါ်နေရင်းနဲ့ ကျွန်မလည်း ငါးကြိမ်လောက် ညှစ်ထုတ်လိုက်တော့ ကလေးက ထွက်လာခဲ့တယ် ” ဟု Tilda က ရုတ်တရက်ကလေးမွေးထုတ်လိုက်ရတဲ့အတွေ့အကြုံကိုပြန်ပြောပြခဲ့ပါသေးတယ်။

ထို့ပြင် “ ကျွန်မ စိတ်တွေရှုပ်ပြီး အရမ်းကြောက်ပြီး စိုးရိမ်နေခဲ့ရတယ် ၊ သမီးတစ်ယောက်အတွက် single mother အဖြစ်ကနေ အခုတော့ နောက်တစ်ယောက်က ကျွန်မတို့ဘဝထဲကို ရုတ်တရက်ဝင်လာခဲ့တယ် ” လို့ Tilda ကဆိုခဲ့ပြီး ကံကောင်းစွာနဲ့ ကလေးကလည်း လုံးဝကျန်းမာပြီး အခြေအနေကောင်းနေခဲ့ပါတယ်။ သူမအတွက် ပြဿနာက ကလေးပေါက်စအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုအလျင်အမြန်ဝယ်ယူခဲ့ရခြင်းပါဘဲ။

သို့ပေမဲ့ မိခင်ဖြစ်သူနှင့်အမျိုးများရဲ့အကူအညီဖြင့် သူမဟာကောင်းကောင်းစီမံနိုင်ခဲ့ပါတယ်။ Tilda က “ အစတော့ ကျွန်မရဲ့အဖြစ်ကိုထိတ်လန့်နေခဲ့တယ် ၊ ဒါမဲ့ ရက်သတ္တပတ်အကြာမှာတော့ အဆင်ပြေလာနေပြီ ၊ ခုတော့ ကျွန်မက ကလေးနှစ်ယောက်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ single mom ဖြစ်နေပါပြီ ” ဟုလည်းထပ်မံပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference :

Be the first to comment on "ဗိုက်နာပြီး ၈မိနစ်အကြာမှာဘဲ ကလေးမွေးထုတ်ခဲ့တဲ့ ကိုယ်ဝန်ရှိနေခဲ့မှန်းမသိခဲ့တဲ့ မိခင်တစ်ဦးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*