အိမ်နှင့်ဝေးတဲ့နေရာမှာအလုပ်လုပ်နေရတာကြောင့် မိဘများနှင့်အဆက်အသွယ်မပြတ်စေရန် အိမ်၌ကင်မရာများတပ်ဆင်ထားခဲ့တဲ့ အမျိုးသား

အိမ်မှကီလိုမီတာ ၁၀၀၀ ဝေးတဲ့နေရာမှာအလုပ်လုပ်ရန်လိုအပ်တာကြောင့် Yi Li အမည်ရှိအမျိုးသားတစ်ဦးဟာ မိဘဖြစ်သူတွေနဲ့ နေ့တိုင်းတွေ့နိုင်ရန် တရုတ်နိုင်ငံ Liaoning ပြည်နယ်ရှိသူ၏မိဘများအိမ်တွင် လုံခြုံရေးကင်မရာ ၃ လုံးကိုတပ်ဆင်ထားခဲ့ပါတယ်။ “ကျွန်တော် ကင်မရာတွေ တပ်ဆင်ထားတာမို့ ကျွန်တော့်မိဘတွေ ဘာလုပ်နေလဲ ဆိုတာကိုစောင့်ကြည့်လို့ရတယ်၊ အားလပ်ချိန် ဒါမှမဟုတ် ထမင်းစားချိန်တိုင်း ကင်မရာကနေတစ်ဆင့် ကျွန်တော်တို့စကားပြောကြတယ်၊ ဒါက ကျွန်တော်တို့အတူတကွ နေနေရသလိုခံစားရစေတယ်” ဟု Yi Li ကပြောကြားခဲ့ပါတယ်။

၎င်းကင်မရာများဟာ မိသားစုဝင်များအကြားဆက်သွယ်ရေးအတွက်အထူးနည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Yi ရဲ့မိဘများက သားဖြစ်သူအား ၎င်းတို့ရဲ့နေ့စဉ်အလုပ်များကို ကင်မရာများမှတစ်ဆင့် ပြောပြကြသလို ၎င်းတို့ရဲ့သားနဲ့စကားပြောဖို့ ကင်မရာရှေ့မှာသာ ထမင်းစားပြီးအနားယူကြပါတယ်။

Yi ဟာ တစ်ခါက သူ့အမေအား ကင်မရာရှေ့မှာ ယင်ကောင်ကပ်နေတာကြောင့် ၎င်းတို့အား ရှင်းရှင်းမမြင်ရဘူးလို့ပြောခဲ့ဖူးပါတယ်။ ထို့နောက်ပိုင်းမှာတော့ အမေဖြစ်သူက နေ့တိုင်း ကင်မရာကို ခုံခုတက်ပြီး သန့်ရှင်းရေးလုပ်လာကြောင်း Yi ကပြောပြခဲ့ပါသေးတယ်။ Yi က သူ့မိဘများက ကျေးလက်ကနေ မြို့ပေါ်သို့ပြောင်းရွေ့မနေထိုင်ချင်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့ကြောင့် ကီလိုမီတာ ၁၀၀၀ ဝေးကွာတဲ့အကွာအဝေး၌ ၎င်းတို့မိသားစုဟာ အချင်းချင်းနီးကပ်နေသလိုခံစားရစေရန် ကင်မရာများကိုသာအားကိုးနိုင်ပါတယ်။

“ မနက်စောစောအိပ်ယာထရင် ကျွန်တော်ပထမဆုံးလုပ်တာကတော့ ကျွန်တော့်မိဘတွေဘာလုပ်နေလဲဆိုတာသိဖို့ ကင်မရာကို အရင်ဆုံးစစ်ဆေးတယ် ၊ ကျွန်တော်ချက်ပြုတ်တာ ဒါမှမဟုတ် ထမင်းစားတဲ့အခါ ကျွန်တော်တို့က ကင်မရာတွေကနေတဆင့် စကားပြောပြီး အတူတူစားကြတယ် ၊ ဝေးကွာတဲ့နေရာမှာ အခက်အခဲတွေရှိနေပေမယ့် အတူတကွနေရသလိုပဲခံစားရတယ်” ဟု Yi က ကင်မရာတပ်ထားခြင်းက သူနှင့်သူ့မိဘတွေအတွက်ဘယ်လောက်စိတ်ချင်းနီးကပ်စေနိုင်လဲဆိုတာကိုပါပြောပြခဲ့ပါတယ်။

Yi ဟာ အငြိမ်းစားယူပြီးနောက်မှာ သူ့မိဘများနှင့်အတူနေထိုင်ရန် ဇာတိမြို့သို့ပြန်မယ်လို့လည်းစိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ ယနေ့ကဲ့သို့ခေတ်သစ်ကမ္ဘာကြီးဟာ လူငယ်တွေကို ကျေးလက်မှမြို့ကြီးများသို့ ဆွဲဆောင်ခေါ်ဆောင်သွားလျက်ရှိပါတယ်။

ဖခင်များနှင့် မိခင်များစွာတို့ဟာ ၎င်းတို့ရဲ့သားသမီးများရှိရာ မြို့ကြီးများသို့လိုက်သွားလိုကြသော်လည်း အများစုမှာ အသက်ကြီးမှအလုပ်ကြမ်းနှင့် အခက်အခဲများစွာကြားမှ ၎င်းတို့ရဲ့မွေးရပ်မြေတွင်သာ ဆက်လက်နေထိုင်နေကြရပါတယ်။

တရုတ်နိုင်ငံမှ ရပ်ဝေးအလုပ်သမားအများအပြားဟာ ၎င်းတို့ရဲ့နှစ်သစ်ကူးအားလပ်ရက်များ၌ သွားရေးလာရေးကြပ်တည်းမှုများကြောင့် မြို့ကြီးများ၌သာနေထိုင်ကြရတာကြောင့် ၎င်းတို့ရဲ့မိဘများရှိရာအိမ်သို့ပြန်ရဖို့အတွက် အနှောင့်အယှက်များစွာဖြစ်ပေါ်လာစေပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "အိမ်နှင့်ဝေးတဲ့နေရာမှာအလုပ်လုပ်နေရတာကြောင့် မိဘများနှင့်အဆက်အသွယ်မပြတ်စေရန် အိမ်၌ကင်မရာများတပ်ဆင်ထားခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*