တစ်ယောက်တည်း နာမကျန်းဖြစ်နေတဲ့ ၈၉ နှစ်အရွယ်အိမ်နီးချင်းအား အိမ်ခေါ်ကာ ကွယ်လွန်သွားတဲ့အထိ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကြင်နာတတ်တဲ့အမျိုးသား

သင့်အနေနဲ့ သင့်အိမ်နီးနားချင်းကို သင်ဘယ်လောက်ကောင်းကောင်းသိလဲ။ သင့်အိမ်သို့ဖိတ်ခေါ်ရလောက်တဲ့အထိ သူတို့ကို ကောင်းစွာသိပါသလား။ သူတို့ကို မင်းနဲ့အတူနေဖို့ ဖိတ်ခေါ်တာမျိုးကော လုပ်ဖူးလားဗျာ။ 2013 ခုနှစ်တွင် Chris Salvatore အမည်ရှိအမျိုးသားတစ်ဦးဟာ အသက် 85 နှစ်အရွယ်အမျိုးသမီး Norma Cook နှင့်သူမ၏ကြောင် Hermes တို့နေထိုင်တဲ့အိမ်နဲ့နီးတဲ့တိုက်ခန်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် တွေ့တိုင်း အမြဲတမ်းနှုတ်ဆက်ကြပေမယ့် Salvatore က အဘွားအား သူ့ကိုယ်သူသေချာမိတ်ဆက်ပြီးနောက်မှာ ၎င်းတို့နှစ်ဦးဟာ မြန်မြန်ဆန်ဆန် သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။

တကယ်တော့ အဘွား Norma ဟာ သူမရဲ့ဘဝဆုံးခန်းကိုရောက်လာနေပြီး စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်မှုလိုအပ်နေချိန်မှာ သူမကို သူ့ရဲ့တိုက်ခန်းသို့ပြောင်းရွေ့လာရောက်နေထိုင်ဖို့ကမ်းလှမ်းခဲ့တဲ့ 31 နှစ်အရွယ် မင်းသားတစ်ဦးဖြစ်တဲ့ Salvatore နှင့် လုံးဝသူငယ်ချင်းကောင်းတွေဖြစ်လာခဲ့ပါတယ်။

အဘွား Norma ရဲ့အသက် 89 နှစ်မှာ သူမရဲ့ကျန်းမာရေးအခြေအနေက လျင်မြန်စွာ ကျဆင်းလာခဲ့တာကြောင့် ဆေးရုံတက်ပြီးနောက်၊ Salvatore ဟာ အဘွားရဲ့အနီးနားမှာ မိသားစု သို့မဟုတ် သားသမီးမရှိဘဲ တစ်ကိုယ်ဖြစ်နေတဲ့သူမကို အနီးကပ်ဂရုမစိုက်နိုင်ရင် သူမအိမ်ပြန်ခွင့်ရမှာမဟုတ်ကြောင်းကို သိလာခဲ့ပါတယ်။ ထို့နောက် Salvatore က အင်တာနက်ကိုအသုံးပြုပြီး အဘွားအတွက် GoFundMe page မှာအကူအညီတောင်းခံခဲ့ပါတယ်။

ဆေးရုံ၌ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်က အချင်းချင်းအနီးကပ်ရှိလာပြီးနောက်မှာ Salvatore က သူနောက်ထပ်တစ်ခုခုလုပ်ရမယ်ဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။ “ အဘွားမှာ မိသားစုမရှိလို့ သူမအတွက်အခြားရွေးချယ်စရာက ဘိုးဘွားစောင့်ရှောက်ရေးစင်တာကိုသွားဖို့ပါဘဲ ၊ ကျွန်တော့်အဖွားနဲ့တူတဲ့သူမကို ကျွန်တော်ဒီလိုလုပ်လိုက်လို့မရဘူးလေ ” ဟု Salvatore က TODAY သို့ ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် သူဟာ အဘွား Norma ကို သူ့တိုက်ခန်းမှာပြောင်းရွေ့နေထိုင်ဖို့ဖိတ်ခေါ်ပေးခဲ့ပါတယ်။

” သူမရဲ့နောက်ဆုံးနေ့ရက်တွေအတွက် အိမ်မှာနေထိုင်ရတဲ့ဒီလက်ဆောင်ကိုပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်၊ မင်းရဲ့သူငယ်ချင်း ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေမပါဘဲ ဆေးရုံမှာ မင်းဘဝရဲ့အဆုံးသတ်ကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ ကျွန်တော်စိတ်ကူးယဉ်ကြည့်လို့တောင်မရဘူး ” ဟု Salvatore က GoFundMe သို့လည်းပြောကြားခဲ့ပါတယ်။

ထို့နောက်၎င်းတို့နှစ်ဦးဟာ လိုက်ဖက်တဲ့အခန်းဖော်တွေဖြစ်သွားကြပြီး ၎င်းတို့ဟာ သတင်းတွေကိုတူတူအမြဲစောင့်ကြည့်သလို တစ်ခါတစ်ရံ ရှန်ပိန်သောက်ပြီး အိမ်တွင်းပါတီပါ ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်။

သို့ပေမဲ့ ကံမကောင်းစွာနဲ့ 2017 ခုနှစ် ဖေဖော်ဝါရီလ 15 ရက်နေ့မှာ အဘွား Norma ဟာ ကွယ်လွန်သွားခဲ့ပါတယ်။ Salvatore ဟာ ယခုချိန်ထိ အဘွားအား သတိရတမ်းတတဲ့အကြောင်းကို Instagram တွင်မျှဝေလေ့ရှိပြီး ယခင်က ၎င်းတို့နှစ်ဦးရဲ့စွန့်စားခန်းများစွာကိုလည်း မျှဝေလေ့ရှိပါတယ်။

စိတ်သဘောထားပြည့်ဝတဲ့ Salvatore ဟာ အဘွားက သူ့ကို သူမမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ မြေးလေးလို့ခေါ်ခဲ့ကြောင်း နှင့် သူက အဘွားအတွက် များများစားစားမကူညီပေးခဲ့ရပေမဲ့ အဘွားရဲ့အနားမှာ သူမကိုချစ်တဲ့လူတစ်ယောက်မှမရှိခဲ့ဘဲ စင်တာမှာဘဲ အဆုံးသတ်သွားရမယ့် သူမရဲ့အဖြစ်ကို မမြင်ရက်တာကြောင့် သူ့အိမ်သို့ခေါ်နေခဲ့ကြောင်းကိုပါ ပြောပြခဲ့ပါတယ်။

Mia (Mckzone daily)

Reference : newsner

Be the first to comment on "တစ်ယောက်တည်း နာမကျန်းဖြစ်နေတဲ့ ၈၉ နှစ်အရွယ်အိမ်နီးချင်းအား အိမ်ခေါ်ကာ ကွယ်လွန်သွားတဲ့အထိ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကြင်နာတတ်တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*