သခင်ဖြစ်သူအားကာကွယ်ပေးဖို့ အဝေးသို့တွန်းထုတ်ကာ မြွေအကိုက်ခံခဲ့တဲ့ သူရဲကောင်းခွေးလေးတစ်ကောင်

ကျွန်တော်တို့အနေနဲ့ သစ္စာစောင့်သိတဲ့ ခွေးလေးများအကြောင်း အမျိုးမျိုးသောပုံပြင်များကို ကြားသိဖူးကြပေမဲ့ ဤသည်မှာ မကြာသေးမီကဖြစ်ပွါးခဲ့တဲ့ဖြစ်ရပ်တစ်ခုဘဲဖြစ်ပါတယ်။ များသောအားဖြင့် ၎င်းတို့က ၎င်းတို့၏သခင်တွေကို တစ်နည်းမဟုတ်တစ်နည်းဖြင့်ကယ်တင်ကြတာကြောင့် ၎င်းတို့ကို ” သူရဲကောင်းခွေး” ဟုခေါ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားရှိခွေးတစ်ကောင်ဟာ သူ့သခင်အား မြွေကိုက်ခံရမှုကနေကယ်တင်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ မြွေကိုက်တာကိုခံခဲ့ရပါတယ်။ ၎င်းဖြစ်ရပ်ဟာ ဇွန်လ 10 ရက်နေ့က San Diego မြို့ရှိ အိမ်တစ်အိမ်တွင်ဖြစ်ပွါးခဲ့ပြီး ပါဝင်ပတ်သက်သူများမှာ အသက် 18 နှစ်အရွယ် Alex Loredo နှင့် သူ့ရဲ့ 7 နှစ်အရွယ် Labrador ခွေးလေး Marley တို့ဖြစ်ပါတယ်။ အဲဒီ့မနက်မှာ အိမ်စာလုပ်နေတဲ့ Alex က အဝတ်လျှော်စက်မှ အချက်ပေးသံကိုကြားရပြီး စက်ကအပြင်မှာရှိနေတာကြောင့် သူဟာ အိမ်အပြင်သို့ထွက်လာခဲ့ပါတယ်။

ထို့နောက် အဝတ်လျှော်စက်နားရောက်တော့ ကျယ်လောင်တဲ့အသံကိုကြားလိုက်ရတဲ့ Alex ဟာ သူ့နဲ့ ၃၀ စင်တီမီတာခန့်အကွာရှိ စားပွဲအောက်၌ လိပ်မြွေတစ်ကောင် ပုန်းခိုနေတာကိုတွေ့ခဲ့ရပါတယ်။ ထို့နောက် “ ကျွန်တော် မထွက်ပြေးခင်မှာ တံခါးကနေအပြေးအလွှားထွက်လာတဲ့ Marley က ကျွန်တော့်ကိုတွန်းထုတ်ပြီး ကျွန်တော်နဲ့ မြွေရဲ့အကြားမှာ လာရပ်နေခဲ့တယ် ” ဟု Alex က NBC TV သို့ ပြောကြားခဲ့ပါတယ်။

ရလဒ်အနေနဲ့ မြွေက ထွက်မသွားခင်မှာ Marley ရဲ့လျှာကိုတစ်ချက်ကိုက်ပြီး နောက် Marley ရဲ့လည်ပင်းကိုပါ ကိုက်ခဲ့ပါတယ်။ ထိုအချိန်မှာ Alex ဟာ အလွန်စိတ်ရှုပ်ထွေးသွားခဲ့ကာ နှလုံးရပ်မတတ်ဖြစ်သွားခဲ့ရပြီး Alex နဲ့သူ့မိခင်က Marley ကို အရေးပေါ်ကုသဖို့ တိရိစ္ဆာန်ဆေးခန်းကို အလျင်အမြန်ခေါ်သွားခဲ့ပေမဲ့ Marley လေး ကားထဲမှာသာသေသွားမှာကိုစိုးရိမ်နေခဲ့ရပါတယ်။

တိရိစ္ဆာန်ဆေးကုခန်းကိုရောက်တဲ့အခါမှာတော့ အဆိပ်ပြယ်ဆေးမရှိတာကြောင့် ၎င်းတို့သားအမိဟာ တစ်ခြားဆေးခန်းသို့ နောက် ၂၅ မိနစ်မောင်းသွားခဲ့ရပါတယ်။

အဆိပ်ပြယ်ဆေးကို အကြိမ်ပေါင်းများစွာ ထိုးပေးခဲ့ပြီးနောက် Marley ဟာ ဆေးခန်းမှာ နှစ်ညတာ စောင့်ကြည့်ခံနေခဲ့ရပါတယ်။ Marley လေးရဲ့မျက်နှာဟာ ရောင်ရမ်းနေခဲ့ပြီး ပါးစပ်ကလည်း သွေးတွေထွက်နေသလို အသက်ရှူဖို့လည်းခက်ခဲ့နေခဲ့ပါတယ်။

Alex က ဒါဟာ သူ့ဘဝရဲ့ကြောက်စရာအကောင်းဆုံး အခိုက်အတန့်ဖြစ်ပြီး သူ့အချစ်ဆုံးသူငယ်ချင်းက အဲဒီအချိန်က ရှင်သန်နိုင်ပါ့မလားလို့လည်းတွေးခဲ့ရကြောင်း ဆိုခဲ့ပါတယ်။

ထို့ပြင် Alex က “ ဒါက သူနဲ့ ကျွန်တော်နဲ့ ဝေးကွာနေတာ အကြာဆုံးအချိန်ပါပဲ၊ ဒါ့ကြောင့် ကျွန်တော့်အတွက် အရမ်းဝမ်းနည်းစရာကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲ ” ဟုဆိုကာ ဒါပေမယ့် နှစ်ပတ်ကြာ ကုသမှုခံယူပြီးနောက်တော့ Marley လေးက လုံးဝပြန်လည်ကောင်းမွန်လာပြီး ပြန်နာလန်ထူလာနိုင်ခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်။

Alex အတွက် Marley လေးက သူ့အချစ်ဆုံးသူငယ်ချင်းလေးဖြစ်သလို ယခုအခါ Marley လေးက သူ့ဘဝရဲ့သူရဲကောင်းလည်းဖြစ်နေပြီဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "သခင်ဖြစ်သူအားကာကွယ်ပေးဖို့ အဝေးသို့တွန်းထုတ်ကာ မြွေအကိုက်ခံခဲ့တဲ့ သူရဲကောင်းခွေးလေးတစ်ကောင်"

Leave a comment

Your email address will not be published.


*