မန်ယူ-လီဗာပူးပွဲစဉ်အား ခင်ပွန်းနှင့်အတူ စိတ်လှုပ်ရှားစွာ စောင့်ကြည့်အားပေးနေရင်း ရေမွှာအိတ်ပေါက်သွားခဲ့တဲ့ ကိုယ်ဝန်သည်အမျိုးသမီးရဲ့အဖြစ်

ပြီးခဲ့အောက်တိုဘာ ၂၄ ရက်နေ့ညက Man United အမာခံပရိသတ်များဖြစ်သည့် စင်္ကာပူစုံတွဲ Nash နှင့် Rifdi တို့ဟာ မထင်မှတ်ထားတဲ့အရာဖြစ်မလာသည်အထိ ၎င်းတို့ရဲ့တီဗီဖန်သားပြင်ပေါ်က မန်ချက်စတာ ယူနိုက်တက် အသင်း နှင့် လီဗာပူး အသင်းတို့ရဲ့ပွဲစဉ်အတွက် အတူတူအော်ဟစ်ကြေးကြော်နေခဲ့ကြပါတယ်။ ထိုအချိန်မှာ ကိုယ်ဝန်ရှိနေသည့် Nash ဟာ သူမရဲ့ရေမွှာအိတ်ပေါက်သွားခဲ့ပါတယ်။ အဆိုပါ ထူးထူးဆန်းဆန်းအဖြစ်အပျက်ကို ဇနီးမောင်နှံနှစ်ဦး၏အိမ်ရှိ CCTV ကင်မရာတွင်ရိုက်ကူးခဲ့ပြီး Nash မှ အဆိုပါဗီဒီယိုဖိုင်ကို ၎င်း၏ Instagram အကောင့်တွင် တင်ခဲ့ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ Man United ဂျာစီကိုဝတ်ဆင်ထားတဲ့ ခင်ပွန်း Rifdi ဟာ သူ့ရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်က မီးဖွားတော့မှာဖြစ်တဲ့အတွက် စိတ်ရှုပ်သွားပုံပေါ်နေပြီး သူဟာ အိမ်ထဲမှာပြေးလွှားနေတာကိုမြင်ရငလို သူဟာ ပြေးလွှားရင်း တီဗီဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်သေးတာကိုပါမြင်တွေ့ရမှာပါ။

အတွေ့အကြုံနှင့်ပတ်သက်၍ပြောရာတွင် Nash က သူမတို့ရဲ့အခြေအနေက မည်မျှဆိုးရွားနေခဲ့ပေမဲ့ အခြေအနေတစ်ခုလုံးက ရယ်စရာကောင်းနေခဲ့ကြောင်းဆိုခဲ့ပြီး ” ရေမွှာအိတ်ပေါက်သွားတဲ့အချိန်မှာ ကျွန်မရယ်မောနေခဲ့တယ်၊ ဆိုဖာပေါ်မှာ ရေတွေကိုမပြမချင်း ကျွန်မခင်ပွန်းက နောက်ပြောင်တယ်လို့ထင်နေခဲ့တာ ” ဟု ဆိုခဲ့ပါတယ်။

ထို့နောက် ၎င်းတို့အိမ်မှမထွက်ခွါမီမှာ Nash ဟာ စိတ်မငြိမ်မသက်ဖြစ်နေတဲ့ခင်ပွန်းအား ပိုက်ဆံအိတ်၊ NRIC နှင့်ရက်ချိန်းကတ်များယူဆောင်လာဖို့တောင် သတိပေးနေခဲ့ရပါတယ်။ Nash ရဲ့အဆိုအရ သူမတို့ဟာ အောက်တိုဘာလ 25 ရက်နေ့ နံနက် 12:30 ဝန်းကျင်တွင်ဆေးရုံသို့ရောက်ရှိခဲ့ပြီး အဲဒီနေ့ ညနေ ၃း၀၂ နာရီမှာ ကလေးငယ်ကို ဘေးကင်းစွာ မွေးဖွားခဲ့ပါတယ်။

လက်ရှိမှာ Nash ရော ကလေးရော နေကောင်းကျန်းမာနေပြီး သူမက ” ကျွန်မက ရိုးရိုးမွေးတာဆိုတော့ တော်တော်အဆင်ပြေနေပါတယ် ၊ ကလေးက နေကောင်းပါတယ်၊ သူလည်း Man U ပရိသတ်ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ် ” ဟုဆိုခဲ့ပါတယ်။

Rifdi ဟာ Man U ရဲ့အမာခံပရိသတ်သက်တမ်း 19 နှစ်ရှိပြီဖြစ်ပြီး ငယ်ငယ်ကတည်းက ဘောလုံးပွဲကြည့်ရတာကိုကြိုက်တဲ့ Nash ကလည်း Man U ပွဲစဉ်တိုင်းမှာ Rifdi နဲ့အတူ TV ဖန်သားပြင်ရှေ့မှာ အတူတူအားပေးခဲ့ပါတယ်။

သို့ပေမဲ့ ထိုညပွဲစဉ်မှာ မန်ယူဟာ လီဗာပူးကို 5-0 နဲ့ ရှုံးခဲ့ပါတယ်။ ပွဲစဉ်ကိုလွတ်သွားခဲ့ရတဲ့အကြောင်းနှင့်ပတ်သက်ပြီး ဘယ်လိုခံစားရလည်းလို့မေးတဲ့အခါ Nash က “ ကျွန်မတို့ ပွဲစဉ်အပြီးထိ မကြည့်လိုက်ရလို့ ဝမ်းသာတယ် ၊ မဟုတ်ရင် Rifdi က ဆေးရုံမှာရှိနေမဲ့အစား အိမ်မှာ ပွဲစဉ်အတွက် အကြီးအကျယ်အော်ငိုနေရလိမ့်မယ် ” လို့ ခင်ပွန်းသည်အကြောင်းကိုကောင်းကောင်းသိတဲ့ဇနီးဖြစ်သူက ထိုကဲ့သို့ ဖြေကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "မန်ယူ-လီဗာပူးပွဲစဉ်အား ခင်ပွန်းနှင့်အတူ စိတ်လှုပ်ရှားစွာ စောင့်ကြည့်အားပေးနေရင်း ရေမွှာအိတ်ပေါက်သွားခဲ့တဲ့ ကိုယ်ဝန်သည်အမျိုးသမီးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*