အသက် 98 နှစ်အရွယ် Jo Byeong-man အမည်ရှိခင်ပွန်း နှင့် အသက် 89 နှစ်အရွယ် Kang Kye-yeol အမည်ရှိဇနီးဖြစ်သူတို့ဟာ 76 နှစ်နီးပါးလက်တွဲလာခဲ့ကြပေမဲ့လည်း ယခုတိုင် တစ်ဦးပေါ်တစ်ဦး မရိုးနိုင်တဲ့ချစ်ခြင်းတွေကြောင့် အလွန်ချစ်စရာကောင်းနေကြဆဲဖြစ်ပါတယ်။ အဘိုး Jo Byeong-man ဟာ 23 နှစ်အရွယ်မှာ အသက် 14 နှစ်သာရှိသေးတဲ့ မိန်းကလေးငယ်တစ်ဦးဖြစ်တဲ့ သူ့ရဲ့တစ်သက်တာလက်တွဲဖော် Kang Kye-yeol နှင့်တွေ့ဆုံခဲ့ပါတယ်။ အဘိုးက အဘွားရဲ့လက်ကို ပထမဆုံးအကြိမ် ဆုပ်ကိုင်ထားရင်း 76 နှစ်ကြာအောင် အတူတူအချိန်ကုန်ဆုံးသွားမယ်လို့ ဘယ်သူထင်မလဲဗျာ။ ထိုစဉ်က သူမဟာ ဘာမှမသိနားမလည်သေးတဲ့ 14 နှစ်အရွယ်ကလေးမတစ်ဦးသာဖြစ်ကြောင်း အဘွားက ပြန်ပြောပြခဲ့ပြီး သူမရဲ့အနာဂတ်ခင်ပွန်းရှေ့မှာ ရှက်ကြောက်နေခဲ့ပေမယ့် သူမဟာ တစ်သက်လုံး အဘိုးရဲ့လက်ကိုသာဆုပ်ကိုင်ထားခဲ့ပါတယ်။
အဘိုးနဲ့အဘွားတို့ဟာ တွဲစကတည်းကပင် အလေ့အထတစ်ခုဖြစ်အောင် အပြင်သွားတဲ့အခါတိုင်းလည်း ၎င်းတို့ရဲ့လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတတ်ကြပါတယ်။ ထို့ပြင် အဆိုပါသက်ကြီးရွယ်အိုစုံတွဲတို့ဟာ တစ်ဦးနှင့်တစ်ဦး အလွန်ချစ်မြတ်နိုးကြပြီး ယင်းကို လူရှေ့သူရှေ့မှာပြသရန်လည်း မရှက်ခဲ့ကြပါဘူး။
အဘိုးနှင့် အဘွားတို့ဟာ ခြံထဲမှာ ကြွေကျနေတဲ့သစ်ရွက်ခြောက်တွေကို အတူတူလှည်းနေရင်း အသက်တစ်ရာနီးပါးရှိသော်ငြားလည်း သစ်ရွက်တွေနဲ့အချင်းချင်းပစ်ပေါက်ကာ ကလေးတွေလို ဆော့ကစားကာ အချစ်စမ်းနေကြဆဲဖြစ်ပါတယ်။
ဆောင်းရာသီရောက်တော့လည်း နှင်းလူသားလေးတွေလုပ်ပြီး နှင်းဘောလုံးတွေနဲ့ အချင်းချင်းပစ်ပေါက်တတ်ကြပါသေးတယ်။
တောင်ကိုးရီးယားနိုင်ငံ၊ Gangwon ပြည်နယ်၊ Hoengseong ကောင်တီရှိ တောင်ရွာငယ်လေးမှာ နေထိုင်ကြတဲ့၎င်းတို့ရဲ့ဘဝက အလွန်ရိုးရှင်းနေပေမယ့် အရမ်းပြည့်စုံနေပါတယ်။ အဘိုးဟာ ယခုတိုင် အိပ်မပျော်တတ်တဲ့အဘွားအတွက် သီချင်းဆိုပြီး ချော့သိပ်တတ်ပါသေးတယ်။
ခြေဖဝါးနှင့်ဒူးများအဆစ်အမြစ်ရောင်ရောဂါ ခံစားရနေတဲ့ဇနီးဖြစ်သူအား အဘိုးက သက်တောင့်သက်သာဖြစ်စေရန် ဒူးကို နှိပ်နယ်ပေးဖို့ ဘယ်သောအခါမှတုံ့ဆိုင်းမနေခဲ့ပါဘူး။
ထို့ပြင် အဘိုးက အဘွားအတွက် ပန်းလေးတွေနဲ့ အံ့ဩစရာလေးတွေလည်း လုပ်ပေးလေ့ရှိသလို အဘိုးဟာ အမှောင်ကြောက်တဲ့ အဘွားအတွက် သီချင်းဆိုရင်း အပေါ့သွားဖို့လိုက်ပို့ပေးလေ့ရှိပါသေးတယ်။
အဘိုးနှင့်အဘွားတို့ရဲ့သားသမီး၊မြေးမလေးတွေကလည်း ၎င်းတို့ရဲ့ချိုမြိန်တဲ့အမူအကျင့်များကို ရက်ရက်ရောရော ဝေမျှပေးခဲ့ကြပါသေးတယ်။ ရက်တွေကြာလာပြီး အသက်တွေကြီးလာတာနဲ့အမျှ အဘိုးရဲ့ကျန်းမာရေးက ပိုဆိုးလာပါတယ်။
ထိုအချိန်မှာ အဘွားက အဘိုးကို ကောင်းကောင်း ဂရုစိုက်ပြုစုပေးပြီး အဘိုးကဗိုက်မသက်မသာခံစားရတဲ့အခါ အဘွားက အဘိုးရဲ့ဗိုက်ကိုပွတ်ပေးရင်း “ ရှင့်ကိုပြုစုပေးဖို့ အလှည့်ရောက်လာပြီ” လို့ပြောခဲ့ပါတယ်။ အဘိုးရဲ့ကျန်းမာရေးက နေ့စဉ်နှင့်အမျှဆိုးရွားလာကာ အဘိုးရဲ့နေ့စဉ် သတိရလာချိန်ကလည်း တဖြည်းဖြည်းနဲ့ တိုလာခဲ့ပါတယ်။
နောက်ဆုံးတော့ ဆေးရုံတင်လိုက်ရတဲ့ခင်ပွန်းဖြစ်သူရဲ့ခန္ဓာကိုယ်နာကျင်ကိုက်ခဲတဲ့ဒဏ်ကို ခိုကိုးရာမဲ့စွာ ကြည့်နေရုံသာတတ်နိုင်တဲ့အဘွားက “ ကျွန်မတို့ အတူတူ သွားနိုင်ရင်ကောင်းမယ် ၊ အချိန်အကြာကြီး လက်တွဲခဲ့ပြီးမှ ရှင့်ကိုတစ်ယောက်တည်းမသွားစေချင်ဘူး ” လို့ဆိုခဲ့ပါတယ်။ မိသားစုက အဘိုးကို လက်မလျှော့သေးပေမယ့် နောက်ဆုံးမှာ အဘိုးဟာဆုံးပါးသွားခဲ့ပြီး အဘွားကို တစ်ယောက်တည်းထားသွားခဲ့ပါတယ်။
အဘိုးကို နောက်ဆုံးနှုတ်ဆက်တဲ့နေ့မှာ ၎င်းတို့လက်ထပ်ခဲ့တုန်းကလို မြူနှင်းတွေကျဆင်းနေခဲ့ပါတယ်။ အဘွားဟာ အဘိုးရဲ့အုတ်ဂူရှေ့မှာ ထိုင်ရင်း ၎င်းတို့နှစ်ဦးသား ထာဝရကွဲကွာသွားခဲ့ပေမယ့် မကြာခင်မှာ ပြန်ဆုံတွေ့ကြမယ်လို့ နောက်ဆုံးနှုတ်ဆက်ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "မရိုးနိုင်သောချစ်ခြင်းမေတ္တာအပြည့်နဲ့ ၇၆ နှစ်ကြာပေါင်းသင်းနေထိုင်လာခဲ့ကြတဲ့ အဘိုးအဘွားတို့စုံတွဲရဲ့အချစ်ဇာတ်လမ်း"