ပူပြင်းလွန်းတဲ့အပူချိန်ကြောင့် ရေဆာနေလို့ ရေသောက်ဖို့ လူသားတစ်ဦးထံသို့ ချဉ်းကပ်ခဲ့တဲ့ ရှဥ့်လေးတစ်ကောင်

အမေရိကန် Texas ပြည်နယ် Dallas မြို့မှ Jomar Robles အမည်ရှိဥယျာဉ်မှူးတစ်ဦးဟာ ရာသီဥတုပူပြင်းတဲ့မတ်လရဲ့နေ့တစ်နေ့မှာ ဥယျာဉ်အတွင်း ရှုခင်းသာယာလှပအောင် အလုပ်လုပ်နေစဉ်အတွင်း ရုတ်တရက် ရှဥ့်ငယ်လေးတစ်ကောင်ရဲ့ချဉ်းကပ်ခြင်းကိုခံခဲ့ရပါတယ်။ တိရိစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ Robles ဟာ တောရိုင်းတိရိစ္ဆာန်တစ်ကောင်က လူသားထံချဉ်းကပ်လာခြင်းက တစ်ခုခုမှားနေပြီလို့ တွေးထင်ခဲ့တာကြောင့် Robles ဟာ သူ့ဆီ လျှောက်လာနေတဲ့ ရှဥ့်ကလေးဆီသွားရောက် ချဉ်းကပ်ပြီး ရေတိုက်ပေးခဲ့ပါတယ်။ Robles ရဲ့အဆိုအရ ၎င်းချစ်စဖွယ်ရှဥ့်လေးက ပူပြင်းလှတဲ့ရာသီဥတုကြောင့် ရေအရမ်းငတ်နေခဲ့ပါတယ်။ Robles က သူ့ရေသန့်ဗူးကိုဖွင့်ကာ အပူချိန်ကြောင့် နွမ်းနယ်နေတဲ့ရှဥ့်ကလေး ရေသောက်နိုင်ရန် သူ့ဒူးကိုထောက်ပြီး ရေတိုက်လိုက်တဲ့အခါ ၎င်းရှဥ့်လေးက သူ့ရဲ့လက်တွေကို Robles လက်ပေါ်တင်ရင်း ရေသောက်နေခဲ့ပါတယ်။

.

၎င်းရှဥ့်လေးက ရေသောက်ပြီးနောက် Robles က သူမကိုချော့မော့ပြီး နောက်ထပ် ရေသောက်ဖို့ကမ်းလှမ်းခဲ့ပေမဲ့ ရှဥ့်ကလေးက ရေသောက်မဲ့အစား Robles ရဲ့လက်မောင်းပေါ် တွယ်တက်သွားခဲ့ပါတယ်။ ထို့နောက် Robles က သနားစရာကောင်းတဲ့ရှဥ့်လေးကို နေရောင်ခြည်ဒဏ်ကနေလွတ်မြောက်ဖို့လိုအပ်တာကို သတိပြုမိပြီး သူမကို အိမ်ပြန်ခေါ်သွားခဲ့ပါတယ်။ ထို့နောက် Robles က ၎င်းရှဥ့်ကို သက်တောင့်သက်သာအနားယူစေဖို့ နေရာပေးကာ ကျန်းမာရေးနှင့် ညီညွတ်တဲ့ သရေစာများလည်း ကျွေးခဲ့ပါတယ်။

.

အိမ်ပြန်ခေါ်တဲ့နေ့မှာဘဲ ရှဥ့်လေးက တော်တော်အနားယူခဲ့လိုက်ရပြီး နောက်နေ့မှာ ကြည့်ကောင်းလာခဲ့တာကြောင့် Robles က သူတွေ့ခဲ့တဲ့နေရာသို့ပြန်ခေါ်သွားပြီး သူမကိုပြန်လွှတ်ပေးခဲ့ပါတယ်။

.

Robles က သူမကိုပြန်လွှတ်ပေးလိုက်ရလို့ ဝမ်းနည်းနေပေမယ့် လှပတဲ့ရှဥ့်လေးက သူမပိုင်ဆိုင်တဲ့နေရာမှာရှိနေဖို့လိုအပ်တယ်ဆိုတာကိုသိနေပါတယ်။ ရှဥ့်လေးက သစ်ပင်ပေါ်မတက်ခင် Robles ကို နောက်ဆုံးတစ်ချက်လှည့်ကြည့်သွားခဲ့တာကြောင့် Robles ရဲ့ရိုးရှင်းတဲ့လုပ်ရပ်ကို ရှဥ့်လေးကလည်းတန်ဖိုးထားကြောင်းကိုခံစားခဲ့ရကြောင်း Robles ကပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : pupperish

Be the first to comment on "ပူပြင်းလွန်းတဲ့အပူချိန်ကြောင့် ရေဆာနေလို့ ရေသောက်ဖို့ လူသားတစ်ဦးထံသို့ ချဉ်းကပ်ခဲ့တဲ့ ရှဥ့်လေးတစ်ကောင်"

Leave a comment

Your email address will not be published.


*