Tarra အမည်ရှိဆင်မကြီးတစ်ကောင် နှင့် Bella အမည်ရှိခွေးမလေးတစ်ကောင်တို့ဟာ လွန်ခဲ့တဲ့ရှစ်နှစ်ခန့်က အမေရိကန်နိုင်ငံ Tennessee ပြည်နယ်ရှိ The Elephant Sanctuary ဆင်များဘေးမဲ့တော၌စတင်တွေ့ဆုံခဲ့ကြပြီး နောက်ပိုင်းမှာ အခင်ဆုံးသူငယ်ချင်းများဖြစ်လာခဲ့ကြတယ်လို့ CBS ရဲ့အဆိုအရ သိရပါတယ်။ မတူညီတဲ့မျိုးစိတ်များ နှင့် အရွယ်အစားများမှ ပေါက်ဖွားလာခဲ့ကြပေမဲ့လည်း Tarra နှင့် Bella တို့က အချင်းချင်း အတူတူအချိန်ဖြုန်းလေ့ရှိကြပါတယ်။ Tarra နှင့် Bella တို့ဟာ စပါးကျီတစ်ခုမှာ မကြာခဏ စားသောက်ကြသလို အတူတူလည်းအိပ်လေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Bella ဒဏ်ရာရရှိခဲ့ပြီး တိရိစ္ဆာန်ကျန်းမာရေးဌာနမှာ ဆေးကုသနေစဉ် Tarra က ဘေးမဲ့တောထောင့်တစ်နေရာမှာ Bella ပြန်လာမဲ့အချိန်ကို စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့တာဘဲဖြစ်ပါတယ်။
ကံမကောင်းစွာဘဲ တစ်နေ့မှာ Bella ဟာ ဝံပုလွေများရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရကာ ပြင်းထန်စွာဒဏ်ရာရရှိပြီးနောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် Bella ရဲ့ရုပ်ကြွင်းများကို Tarra က ပြန်လည်တွေ့ရှိခဲ့ပြီး ၎င်းတို့မကြာခဏအတူဆော့ကစားလေ့ရှိတဲ့နေရာသို့ Bella အလောင်းကို Tarra ကိုယ်တိုင် သယ်ဆောင်လာခဲ့တယ်လို့လည်း ထိန်းသိမ်းစောင့်ရှောက်သူများက ပြောကြားခဲ့ပါတယ်။
Tarra က ထိုတိုက်ခိုက်မှုအတွင်း ဝင်ရောက်စွက်ဖက်ရန် အချိန်ရှိမရှိ (သို့) Tarra ရောက်တဲ့အချိန် နောက်ကျလွန်းနေလားဆိုတာကိုတော့ သေချာမသိခဲ့ရပါဘူး။
” Bella ရဲ့ရုပ်အလောင်းကို အဲ့နေရာမှာသွားထားခဲ့ပြီး Bella က သူ့ဆီမပြန်လာနိုင်တော့ဘူးဆိုတဲ့ Tarra ရဲ့အတွေးက ကြေကွဲစရာကောင်းပါတယ် ” လို့ Robert Atkinson အမည်ရှိ ဆင်ဘေးမဲ့တောရဲ့ CEO ဖြစ်သူက WKRN News 2 သို့ ပြောကြားခဲ့ပါတယ်။
“ Bella ရဲ့ ရုတ်တရက် ဆုံးပါးသွားမှုက Tarra အား အကြီးအကျယ် ထိတ်လန့်စေခဲ့တာ သေချာပါတယ်။ သူမရဲ့ အမူအရာ တစ်ခုလုံး ပြောင်းသွားခဲ့ပါတယ်။ သူမက ပိုပြီး သီးသန့်ဆန်လာပြီး ပိုတိတ်ဆိတ်လာတယ်၊ သူမ စိတ်ဓာတ်ကျသွားတာဖြစ်နိုင်ပါတယ်။
သူမရဲ့နာကျင်မှုကိုဖယ်ရှားပေးဖို့ ကျွန်တော်တို့ နည်းလမ်းရှာနေဆဲပါ “ လို့ Atkinson က ထပ်မံပြောကြားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ တိရိစ္ဆာန်ရုံရှိ အခြားသောဆင်များက Tarra အား နှစ်သိမ့်မှု နှင့် ကိုယ်ချင်းစာမှုပေးစွမ်းနိုင်ခဲ့တာကြောင့် အခုတော့ Tarra လေးက စိတ်သက်သာရာရပြီး ပျော်ရွှင်နေပြီလို့လည်း Atkinson မှထပ်ပြောကြားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "ဝံပုလွေများရဲ့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတဲ့အချစ်ဆုံးသူငယ်ချင်းခွေးမလေးအတွက် ဝမ်းနည်းပူဆွေးနေခဲ့တဲ့ ဆင်မလေး (ရုပ်သံ)"