ဂျပန်နိုင်ငံ၊ Okayama ကမ်းရိုးတန်းနှင့် မနီးမဝေးတစ်နေရာ၌ ညဘက်တွေမှာ လျှပ်စစ်မီးပြာရောင်ဖြစ်သွားတဲ့ ကျောက်တုံးကြီးတွေ ရှိနေပါတယ်။ ဓာတ်ပုံထဲက ၎င်းကျောက်တုံးတွေကို တစ်ချက်ကြည့်လိုက်ရင်တော့ သိပ္ပံဇာတ်ကားထဲကလို မြင်ကွင်းတွေလို့ လူအများက ထင်မိသွားကြပါလိမ့်မယ်၊ ဒါပေမယ့် အဲဒါတွေက တကယ့်လက်တွေ့ဘဝမှာ အမှန်တကယ်ဖြစ်ပျက်တည်ရှိနေပါတယ်။ ကျောက်ဆောင်များပေါ်ကနေ စီးဆင်းနေသည့် လျှပ်စစ်အပြာရောင်အလင်းတန်းများဟာ အမှန်တကယ်အားဖြင့် (bio-luminescent )ဇီဝဖြာထွက်နေသည့် သေးငယ်သောပုဇွန်ကောင်များထံမှဖြစ်ပါတယ်။ Bio-luminescence ဟာ သက်ရှိများမှ အလင်းထုတ်လွှတ်ခြင်းဖြစ်ပြီး သားရဲများရဲ့ရန်မှ ခုခံကာကွယ်၊ ဖုံးကွယ်နိုင်ရန် ၎င်းပုစွန်ကောင်များအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
.
တကယ်တော့ ဒီဓာတ်ပုံများက အရည်အချင်းရှိတဲ့ ဓာတ်ပုံဆရာ Trevor Williams နှင့် ဓာတ်ပုံဆရာ Jonathan Galione တို့မှ ရိုက်ကူးတီထွင်ဖန်တီးထားတဲ့ ‘The Weeping Stones’ ဆိုတဲ့ဓာတ်ပုံစီးရီးထဲမှပုံတွေဘဲဖြစ်ပါတယ်။ ‘ပင်လယ်ပိုးစုန်းကြူး’ ဟု အများအားဖြင့် သိကြသည့် ထူးခြားတဲ့ ပင်လယ်သတ္တဝါများဟာ မူလက ဒီရေတက် ၊ ကျရှိတဲ့ပင်လယ်ရေတိမ်ပေါ်တွေမှာ နေထိုင်ကြပါတယ်။
.
၎င်းဟာ အလျား 3 မီလီမီတာသာရှိတာကြောင့် ၎င်းတို့ထုတ်လွှင့်တဲ့အပြာရောင်အလင်းတန်းဟာ အကန့်အသတ်ရှိပြီး အရောင်မှိန်ပါတယ်။ သို့ပေမဲ့လည်း ၎င်းတို့ဟာ အတူတကွစုဖွဲ့လိုက်တဲ့အခါမှာတော့ ၎င်းတို့ဟာ ကြီးမားပြီး လှပသော အလင်းရောင်ပုံစံများကို ဖန်တီးနိုင်ကြပါတယ်။
.
Bio-luminescent ပုစွန်ကောင်များဟာ ကျောက်ဆောင်များပေါ်သို့ မတက်နိုင်တာကြောင့် ရင်သပ်ရှုမောဖွယ်ပုံရိပ်များကိုဖန်တီးရန်အတွက် Trevor နှင့် Jonathan တို့က ပုဇွန်များကို ဘေကွန်စိမ်းများဖြင့် အိုးထဲသို့ဆွဲဆောင်ကာ နောက်ပိုင်းမှာ ၎င်းတို့အား ကျောက်တုံးများပေါ်တွင် ဂရုတစိုက် ပြန်လည်နေရာချထားပေးခဲ့ကြတာပါ။ ထို့ပြင် ပုစွန်ကောင်တွေက ရေထဲ၌သာ အလင်းရောင်ကို ထုတ်လွှတ်ကြတာကြောင့် ၎င်းတို့ကို အခုလိုဓာတ်ပုံတွေရလာတဲ့အထိ ရေလောင်းပေးခဲ့ရပါတယ်။
.
ထို့နောက် အဆိုပါဓာတ်ပုံဆရာနှစ်ဦးဟာ ဓာတ်ပုံများရိုက်ကူးခြင်းအပြီးမှာ ပုဇွန်ကောင်များကို ထိခိုက်မှုမရှိအောင် ပင်လယ်ထဲသို့ ဂရုတစိုက်ပြန်လည်နေရာချထားပေးခဲ့ကြပါသေးတယ်။ ပုံတွေက မယုံနိုင်လောက်အောင် ရင်သပ်ရှုမောစရာကောင်းနေတယ်မလားဗျာ။ ၎င်းဓာတ်ပုံများဟာ အမှန်တကယ် တီထွင်ဖန်တီးမှုနှင့် သဘာဝတရားတို့ရဲ့စစ်မှန်သောရလဒ်များသာ ဖြစ်နေပေမဲ့လည်း ၎င်းတို့ဟာ ကြီးမားစွာ တည်းဖြတ်ထားသည့်ပုံများကဲ့သို့ ကမ္ဘာကြီး နှင့် အလှမ်းဝေးနေပုံရနေပါတယ်။ ဓာတ်ပုံဆရာ Trevor နှင့် Jonathan တို့ဟာ တောက်ပသောမှိုများပါဝင်သည့် အလားတူ အပြင်အဆင်ရဲ့နောက်ထပ်စီးရီးကိုလည်း ဖန်တီးထားခဲ့ကြပါသေးတယ်။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "ညဘက်ရောက်မှ လျှို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်သတ္တဝါလေးတွေကြောင့် အပြာရောင်အလင်းတန်းများဖြင့် လှပနေတတ်တဲ့ ကျောက်ဆောင်များ"