ယနေ့ခေတ်မှာ အင်တာနက်နှင့် social media များထွန်းကားလာခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော လူများထံ ဆက်သွယ်ရန် နှင့် အသနားခံစာများပေးပို့ရန်အတွက် စက္ကန့်ပိုင်းလေးအတွင်းနဲ့တင် ပြုလုပ်နိုင်ပါတယ်။ အသက် 70 နှစ် အရွယ် James McConnell အမည်ရှိတော်ဝင်မရိန်းတပ်သားဟောင်းတစ်ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သို့ပေမဲ့ သူ့အားပြုစုစောင့်ရှောက်ပေးတဲ့ဂေဟာရှိ ဝန်ထမ်းများက ကွယ်လွန်သူရဲ့မိသားစု ၊ဆွေမျိုးများအား James McConnell သေဆုံးမှုအကြောင်း အသိပေးရန် ဆက်သွယ်နိုင်တဲ့မှတ်တမ်းများလည်းမရှိနေခဲ့ပါဘူး။ ထို့နောက် Reverend Bob Mason အမည်ရှိအမျိုးသားတစ်ဦးက McConnell ရဲ့သတင်းကိုကြားတဲ့အခါ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူ့ရဲ့ငယ်ရွယ်နုပျိုတဲ့နှစ်များကို အထိမ်းအမှတ်ပြုရန် McConnell အတွက်ထိုက်တန် လျောက်ပတ်တဲ့ ဈာပနပွဲကို ကျင်းပပေးစေလိုခဲ့ပါတယ်။
ထို့ကြောင့် McConnell ကို အထီးကျန်ဆန်စွာ လူ့လောကမှထွက်ခွါမသွားစေလိုခဲ့တာကြောင့် Reverend Mason ဟာ သူ့ Facebook ပေါ်မှာ အများပြည်သူအား ဆွေမျိုးရင်းချာများမရှိခဲ့တဲ့ တော်ဝင်မရိန်းတပ်သားဟောင်းရဲ့ဈာပနပွဲကို တက်ရောက်ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ထို့ပြင် Royal Marine Corps ကလည်း တော်ဝင် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သူ့ထံဆက်သွယ်လာခဲ့ပါတယ်။
အံ့အားသင့်စရာကောင်းတာက အင်္ဂလန်နိုင်ငံ Portsmouth မြို့ရှိ Milton Cemetry မှာကျင်းပတဲ့ McConnell ရဲ့ဈာပနပွဲသို့ လူအယောက် 200 ကျော် လာရောက်ခဲ့ကြတာပါဘဲ။ ထိုဈာပနာပွဲသို့တက်ရောက်လာသူများမှာ McConnell ရဲ့ မိသားစုဝင်များမဟုတ်သလို သူ အသက်ရှင်နေချိန်မှာလည်း သူ့အားမသိခဲ့ကြတဲ့ သူစိမ်းသတ်သတ်များသာဖြစ်ပါတယ်။
ထိုလူတွေဟာ Reverend Mason ရဲ့ Facebook မှာ ထိထိမိမိ တင်ထားတာကိုတွေ့ပြီးနောက် ကွယ်လွန်သူအား ၎င်းတို့ရဲ့နောက်ဆုံးအလေးပြုမှုကို ရိုးစင်းစွာ လိုလားခဲ့ကြတာပုံရပါတယ်။ ထို့ပြင် လူထုဆီကနေ ဒီလိုမထင်မှတ်ထားတဲ့ တုံ့ပြန်မှုမျိုးရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလို့လည်း Reverend Mason ကပြောကြားခဲ့ပါတယ်။
သုသာန်ကိုဖြတ်၍ သေးငယ်တဲ့စီတန်းလှည့်လည်ခြင်းကို Royal British Legion စံပြအဖွဲ့မှ ဦးဆောင်ပေးခဲ့ပြီး အလံတင်မော်တော်ဆိုင်ကယ်များဖြင့် လိုက်ပါဆောင်ရွက်ပေးခဲ့ကြပါတယ်။ အဆိုပါ ဝန်ဆောင်မှုတွင် Royal Marines Band Service မှ အဖွဲ့ဝင် နှစ်ဦးလည်းပါဝင်ပြီး Last Post ကို တီးမှုတ်ပေးခဲ့ကြပါတယ်။
ဈာပနပွဲ၌ Reverend ဟာ McConnell ရဲ့ဈာပနပွဲမှာ အကျိုးဆောင်ပေးခဲ့တဲ့အသင်းတော်ကို ကျေးဇူးတင်ရှိခဲ့တဲ့အပြင် “ ဒီနေ့ ဒီကိုလာခဲ့ကြတဲ့ လူ တော်တော်များများက James McConnell ကို မသိကြပေမယ့် သူ့ကို ဂုဏ်သိက္ခာရှိတဲ့ နှုတ်ဆက်ပွဲလေးလုပ်ပေးခဲ့တဲ့စေတနာ နဲ့ ဒီလို စေတနာ ထားပေးကြတဲ့အတွက် ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ် ” လို့လည်း ပြောကြားခဲ့ပါတယ်။
ထို့ပြင် McConnell နှင့်အတူ စစ်မှုထမ်းခဲ့တဲ့ Danny Marshall အမည်ရှိတော်ဝင် မရိန်းတပ်သားဟောင်းကလည်း McConnell ဈာပနပွဲသို့ တက်ရောက်ခဲ့ပြီး “ သူ့မှာ မိသားစုမရှိဘူးလို့ မှားယွင်းစွာ ဖော်ပြခဲ့တာပါ၊ ကျွန်တော့်တို့မရိန်းတပ်မကြီးမိသားစုက ပိုကြီးပြီး ပိုကောင်းပြီး လူအများစုက သိထားတာထက် ပိုနွေးထွေးပါတယ်၊ ကျွန်တော်တို့အားလုံးက မိသားစုတွေဖြစ်ပြီး အမြဲတမ်းရှိနေမှာပါ ” လို့လည်း Danny Marshall က ပြောကြားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "မိသားစု၊ ဆွေမျိုး မရှိတဲ့ တစ်ကိုယ်တည်းသမားရဲ့ဈာပနပွဲသို့ သူစိမ်းလူအယောက် 200 ကျော် လာရောက်ခဲ့ကြတဲ့ မြင်ကွင်း"