လူချင်းမတွေ့ရတာကြာပြီဖြစ်လို့ စားပွဲထိုးများအဖြစ်ဟန်ဆောင်ကာ မိဘများအား စနှောက်ခဲ့ကြတဲ့ မောင်နှမသုံးဦး (ရုပ်သံ)

ကူးစက်ရောဂါကြောင့် လူများစွာဟာ ၎င်းတို့ရဲ့ ချစ်ရသူနှင့် အချိန်ကြာမြင့်စွာ ဝေးကွာခဲ့ရပါတယ်။ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မလေးရှား မောင်နှမသုံးဦးတို့မှ အသက် ၃၃ နှစ်အရွယ် Choong Kai Yee အမည်ရှိမွေးချင်းများရဲ့အကြီးဆုံးအစ်မဖြစ်သူက သူမဟာ စင်္ကာပူမှာ ၁၂ နှစ်ကြာအလုပ်လုပ်ခဲ့ပြီး စင်္ကာပူနိုင်ငံသားနှင့် လက်ထပ်ခဲ့တာကြောင့် အခုအခါ စင်္ကာပူနိုင်ငံမှာဘဲအခြေချနေကြောင်း၊ Alex အမည်ရှိသူမမောင်က စင်္ကာပူမှာ ရှစ်နှစ်ကြာအလုပ်လုပ်ခဲ့သလို Kai Le အမည်ရှိသူမညီမအငယ်ဆုံးကလည်း စင်္ကာပူမှာ ငါးနှစ်ကြာအလုပ်လုပ်ခဲ့တယ်လို့ WeirdKaya သတင်းသို့ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က Choong Kai Yee ရဲ့ဖေ့စ်ဘုတ်မှာ တင်ထားတဲ့ပို့စ်တစ်ခုမှာတော့ သူမတို့မောင်နှမသုံးယောက်ဟာ မလေးရှားနိုင်ငံရှိမိသားစုအိမ်သို့ မပြန်နိုင်ခဲ့တာနှစ်နှစ်နီးပါးရှိနေပြီလို့ဆိုထားပါတယ်။

Vaccinated Travel Lane (VTL) နှင့် မလေးရှားနိုင်ငံက နိုဝင်ဘာ ၂၉ ရက်က စတင်ပြီး ပြည်ဝင်ခွင့်ပြန်ဖွင့်တဲ့အခါ ၎င်းတို့ဟာ အလွန်ပျော်ရွှင်ခဲ့ကြရပါတယ်။ ဒါပေမယ့် တရုတ်နှစ်သစ်ကူးမတိုင်ခင်အထိ ၎င်းတို့ပြန်မလာနိုင်ဘူးလို့ဘဲ ၎င်းတို့မိခင်ကို ပြောကြားခဲ့ပါတယ်။ ထိုအချိန်မှာ အံ့အားသင့်စရာ အစီအစဉ် စတင်ခဲ့ပြီး မွေးချင်းများရဲ့အကြီးဆုံးအစ်မဖြစ်သူက မလေးရှားရှိ Holiday Inn Johor Bahru City Centre မှာ ၎င်းတို့ရဲ့မိဘများကို စားသောက်ရန် အကြံပြုခဲ့ပြီး Kai Yee ကဘဲ စင်္ကာပူအခြေစိုက် မောင်နှမသုံးယောက်အား စားသောက်ဆိုင်ရဲ့ဝန်ဆောင်မှုဝန်ထမ်းအဖြစ် ဟန်ဆောင်ရန် အဆိုပြုခဲ့ပါတယ်။

၎င်းတို့မောင်နှမသုံးဦးက ဒီဇင်ဘာ ၆ ရက်နေ့မှာ Johor Bahru သို့ ရောက်ရှိနေခဲ့ပြီး ၊ Holiday Inn မှ ဝန်ထမ်းများကလည်း စားပွဲထိုးအဖြစ်ဟန်ဆောင်မဲ့ ၎င်းတို့မောင်နှမအတွက် ယူနီဖောင်းများ ကူညီပေးခဲ့ပါတယ်။

ထို့နောက် Holiday Inn Johor Bahru City Centre သို့ သူတို့မိဘများရောက်ရှိလာချိန်မှာ Alex က ဖခင်ဖြစ်သူကို စားစရာတချို့နဲ့အရင်ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ထိုအချိန် ဖခင်ဖြစ်သူက Alex ကို စိုက်ကြည့်နေခဲ့ပေမဲ့ Alex က အင်္ဂလိပ်လိုသာပြောနေခဲ့တာကြောင့် ၎င်းတို့ရဲ့ဖခင်က အစားအသောက်ဝန်ဆောင်မှုပေးနေတဲ့ဘက်ကိုသာ အာရုံပြန်စိုက်သွားခဲ့ပါတယ်။

ထို့နောက် မိဘများက Kai Le နှင့်ဆုံပြန်တော့လည်း ၎င်းတို့ရဲ့အာရုံက အစားအသောက်မှာမဲ့ဘက်မှာသာ ရောက်နေခဲ့ပါတယ်။ သို့ပေမဲ့ ခဏအကြာမှာ ဖခင်ဖြစ်သူက Kai Le ကိုကြည့်ကာ “သူမက Kai Le နဲ့တူတယ်!” လို့ ပြောကြားလာခဲ့ပေမဲ့ ၊ မိဘများက ၎င်းတို့ရဲ့စားပွဲသို့အစားအသောက်များ လာချပေးကြတဲ့အချိန်ထိ သူမတို့မောင်နှမ သုံးယောက်စလုံးကို မရိပ်မိသေးပါဘူး။ သို့ပေမဲ့ မောင်နှမ သုံးယောက်လုံးက ထိုစားပွဲမှထွက်ခွါသွားချိန်မှာ မိခင်ဖြစ်သူက “ အဲ့စားပွဲထိုးမလေးက Le Le နှင့် တူတယ်နော်၊ ပြီးတော့ အသံလည်း တူတယ် “ လို့ သူမခင်ပွန်းအားပြောဆိုနေခဲ့ပါတယ်။

ထို့နောက် ဖခင်ဖြစ်သူက ၎င်းတို့ကို ရိပ်မိသွားတဲ့ပုံစံဖြင့် “ ဟိုမှာ မင်းရဲ့ အငယ်ဆုံးသမီးကို ကြည့်ပါဦး” လို့ ဖခင်က Kai Le ကို လက်ညှိုးထိုးပြပြီး မိခင်ဖြစ်သူကို လှမ်းပြောနေခဲ့ပါတယ်။ ထို့နောက် ထိတ်လန့်တုန်လှုပ်နေတဲ့ Kai Le ရဲ့မျက်နှာကို မိခင်ဖြစ်သူက “အဲဒါ တကယ်ဟုတ်လား” လို့ဆိုပြီး စိတ်ဝင်တစားကြည့်လာခဲ့ပါတယ်။ ထို့နောက် Alex က ၎င်းရဲ့မျက်နှာဖုံးကိုချွတ်ပြီး ၎င်းရဲ့နာမည်ကိုထုတ်ပြောကာ မိဘများကို ထိတ်လန့်သွားစေခဲ့ပါတယ်။

Kai Yee လည်း စားပွဲဆီသို့လျှောက်လာပြီး သူမက ထိုနေရာမှာ တစ်ချိန်လုံး ရှိနေခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ထို့နောက် သူတို့မောင်နှမသုံးယောက်က ၎င်းတို့မိဘအား အံ့အားသင့်သွားစေဖို့အစီအစဉ်ဆွဲထားတဲ့အကြောင်းပြောပြရင်း ပျော်ရွှင်ဖွယ်ပြန်လည်ဆုံဆည်းမှုအတွက် ဂုဏ်ပြုစားသောက်ခဲ့ကြပါတယ်။

Kai Yee က ၎င်းတို့အစီအစဉ်အတွက် ကူညီပေးခဲ့တဲ့ Holiday Inn Johor Bahru City Centre မှ ဝန်ထမ်းများအား ကျေးဇူးတင်ကြောင်းဆိုခဲ့သလို “ ကျွန်မတို့မိဘတွေမှာ သားသမီးငါးယောက်ရှိပြီး သူတို့ကလည်း ဘယ်တုန်းကမှ သဘောထားချင်းမတိုက်ဆိုင်ကြပါဘူး။

ဒါပေမဲ့ မိဘတွေက သားသမီးငါးယောက်လုံးကို ညီတူညီမျှ ချစ်ကြတယ်။ ကျွန်မတို့လည်း သူတို့ကို အရမ်းချစ်တယ်။ ဘေးကင်းစွာ ပြန်ရောက်လာလို့ ဝမ်းသာမိပါတယ်၊ မိဘတွေ ကျန်းမာပြီး နောက်ဆုံးတော့ ပြန်ဆုံခွင့်ရလို့ ဝမ်းသာပါတယ် ” လို့ သူမရဲ့ မိဘများကိုဂုဏ်ပြုတဲ့အနေနဲ့ လည်း ရေးသားခဲ့ပါတယ်။ Kai Yee မျှဝေခဲ့တဲ့ထိုပိုစ့်ဟာ Like 10,000 ကျော်နှင့် မှတ်ချက်ပေါင်း 2,000 နီးပါးရရှိခဲ့တာကြောင့် ၎င်းတို့မောင်နှမများရဲ့ မိဘများနှင့် ပြန်လည်ဆုံဆည်းမှုက လူအများရဲ့နှလုံးသားကို သိသိသာသာ ထိမိသွားစေခဲ့မှာ အသေအချာပါဘဲ။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "လူချင်းမတွေ့ရတာကြာပြီဖြစ်လို့ စားပွဲထိုးများအဖြစ်ဟန်ဆောင်ကာ မိဘများအား စနှောက်ခဲ့ကြတဲ့ မောင်နှမသုံးဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*