Syria နိုင်ငံ၊ Aleppo မြို့ရှိ Mohammad Alaa Jaleel အမည်ရှိအမျိုးသားတစ်ဦးဟာ “ ပျက်စီးနေတဲ့စစ်ပွဲဇုန်ကနေ လူတွေအားလုံး ထွက်ခွါသွားကြတော့ ကြောင်လေးတွေက ကျွန်တော့်ဆီ လာခဲ့ကြတယ် ” လို့ BBC News သို့ ပြောကြားခဲ့ပါတယ်။ Aleppo မြို့ဟာ 2012 ခုနှစ်ကတည်းက အန္တရာယ်များတဲ့ တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး အသက်ရှင်ရန် မျှော်လင့်ချက်ဖြင့် လူ ၄၀,၀၀၀ ခန့်က မြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အခြားနေရာတွေမှာ ဘဝသစ်များ စတင်ခဲ့ကြပါတယ်။ သို့ပေမဲ့ Alaa ဟာ သူ့ကိုမှီခိုနေရတဲ့ ကြောင်လေးတွေအများအပြားရှိနေတာကြောင့် ၎င်းမြို့မှမထွက်ခွါနိုင်ခဲ့ပါဘူး။ အစပိုင်းမှာတော့ Alaa က ထွက်ပြေးသွားခဲ့တဲ့ မိသားစုများဆီက ကျန်ရစ်ခဲ့တဲ့ကြောင်အကောင်ရေ ၂၀ လောက်ကိုသာ တွေ့ရှိခဲ့ပါတယ်။ ထို့နောက် Alaa က ထိုအိုးမဲ့အိမ်မဲ့ကြောင်များကိုကယ်တင်ကာ ၎င်းတို့ကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ၎င်းတို့အား ဒုတိယအကြိမ် အသက်ပြန်ရှင်သန်ခွင့်ပေးခဲ့ပါတယ်။
.
.
.
တစ်နှစ်အတွင်း ကြောင်အရေအတွက် 100 ကျော်အထိ မြင့်တက်လာခဲ့တာကြောင့် နောက်ဆုံး Alaa ဟာ အိုးမဲ့အိမ်မဲ့ကြောင်လေးများအတွက် နေရာတစ်ခုဖြသ်တဲ့ Gattaro d’Aleppo ဆိုတဲ့ဂေဟာကို တည်ထောင်ပေးခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ကြောင်လေးတွေက အိမ်ပြန်ဖို့ နေရာရှိလာခဲ့ပါတယ်။ မြို့ပြင်သို့ ထွက်ခွါသွားသူများ ပိုမိုများလာတာနှင့်အမျှ ပြုစုစောင့်ရှောက်ရန် အလွန်အမင်း လိုအပ်နေတဲ့ကြောင်များလည်း ပိုမိုများပြားလာတာကိုလည်း Alaa က အမြဲ စီစစ်နေခဲ့ပါတယ်။
.
.
.
အခုတော့ Alaa ကို ” Aleppo မြို့ရဲ့ကြောင်လူသား” အဖြစ် လူသိများလာနေပြီဖြစ်ပါတယ်။ “ တစ်နေ့မှာ Syria နိုင်ငံကနေထွက်ခွါတော့မဲ့ ကလေးမလေးတစ်ယောက်က ကြောင်တစ်ကောင်နဲ့အတူ ကျွန်တော့်ဆီရောက်လာပြီး သူမကြောင်ကို ကျွန်တော့်လက်ထဲ ငိုပြီးအပ်ပေးခဲ့တယ်။
.
နောက်ပြီး အဲ့ကလေးမလေးက သူမရဲ့ကြောင်ကိုအရမ်းချစ်လို့ဆိုပြီး ကြောင်ရဲ့ပုံလေးတွေကို သူမဆီအမြဲပို့ပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် သူမတို့ပြန်လာတဲ့အခါ သူမရဲ့ကြောင်ကိုပြန်ပေးဖို့လည်း ကတိတောင်းခဲ့သေးတယ် “ လို့ Alaa က ယုံယုံကြည်ကြည်နဲ့ သူ့ထံ ကြောင်လာအပ်တဲ့ကလေးမလေးတစ်ဦးရဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာ Alaa ရဲ့သူငယ်ချင်းများအပါအဝင် လူအများစုက မြို့မှထွက်ခွါသွားကြပြီဖြစ်တာကြောင့် ကြောင်လေးတွေကသာ Alaa ရဲ့မိသားစုလို ဖြစ်လာခဲ့ပါတယ်။ ” ဘာပဲဖြစ်ဖြစ် ကျွန်တော် သူတို့နဲ့အတူရှိနေမှာပါ ” လို့လည်း Alaa က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဆိုးရွားတဲ့အခြေအနေမှာတောင် ကြီးမြတ်တဲ့နှလုံးသားရှိတဲ့ Alaa ကတော့ လေးစားချီးကျူးစရာကောင်းတဲ့ စံပြပုဂ္ဂိုလ်တစ်ဦးပါဘဲဗျာ။
Mia (Mckzone daily)
Reference : ontslokh
Be the first to comment on "စစ်ပွဲဇုန်မှ ကျန်ခဲ့တဲ့ကြောင်များကို ကယ်တင်ပြုစုစောင့်ရှောက်ကာ ၎င်းတို့အား ဒုတိယအကြိမ် အသက်ပြန်ရှင်ခွင့်ပေးခဲ့တဲ့ မေတ္တာရှင်အမျိုးသား"