လွန်ခဲ့သည့် ၁၂ နှစ်က သူ့အား သေခြင်းတရားမှ ကယ်တင်ပေးခဲ့တဲ့ တိရိစ္ဆာန်ဆေးဆရာဝန်ကို အမှတ်ရနေသေးတဲ့ အသက် ၃၁ နှစ်အရွယ် ဆင်ကြီး

အသက် 31 နှစ်အရွယ် Plai Thang လို့ခေါ်တဲ့ ဆင်တစ်ကောင်ဟာ လွန်ခဲ့တဲ့ 12 နှစ်လောက်က အသက်ကယ်တင်ပေးခဲ့တဲ့ တိရိစ္ဆာန်ဆေးဆရာဝန်ရဲ့လက်ကို ထိဖို့ သူ့ရဲ့နှာမောင်းကို ဆန့်ထုတ်နေတဲ့ ကြည်နူးစရာကောင်းတဲ့အခိုက်အတန့်ကို ကင်မရာဖြင့် ဖမ်းယူရိုက်ကူးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ 2021 ခုနှစ် မတ်လက ဆင်အော်သံကိုကြားလိုက်ရတဲ့အချိန်မှာ အဆိုပါ ဒေါက်တာ Pattarapol Maneeon ဟာ ထိုင်းနိုင်ငံရှိ တောအုပ်တစ်ခုမှာ လမ်းလျှောက်ထွက်နေခဲ့တာပါ။

“ကျွန်တော် အဲ့အသံကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်၊ Plai Thang ရဲ့ အော်သံက အရမ်းထူးခြားတယ် ” လို့ ဒေါက်တာ Maneeon က Daily Mail သို့ ပြောကြားခဲ့ပါတယ်။ ထို့နောက် အံ့အားသင့်နေတဲ့ ဒေါက်တာက လက်ပြနှုတ်ဆက်လိုက်တဲ့အခါမှာ ၎င်းဆင်ဟာ ဒေါက်တာ့ထံ ချဉ်းကပ်လာပြီး နှာမောင်းဖြင့် နှုတ်ဆက်နေခဲ့ပါတယ်။

၎င်းမမျှော်လင့်ထားတဲ့ ပြန်လည်ဆုံစည်းမှုဟာ Plai Thang အတွက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း လူသားတစ်ဦးနှင့် ပထမဆုံးအကြိမ် ပြန်လည်ထိတွေ့ခြင်းဖြစ်ပြီး ဒေါက်တာ Maneeon ဟာ ဆင်က သူ့ကို အသိအမှတ်ပြုကြောင်း သေချာနေခဲ့ပါတယ်။ “ ဒီဆင်ရိုင်းက အရမ်းဉာဏ်ကောင်းတယ် ၊ ငါတို့ တစ်ယောက်ကို တစ်ယောက် သတိရနေကြတယ် ” လို့ ဒေါက်တာ Maneeon က သူ့ Facebook post မှာ ရေးသားခဲ့ပါတယ်။ ၎င်းတို့ဟာ ၂၀၀၉ ခုနှစ် ထိုင်းနိုင်ငံ အရှေ့ပိုင်း Rayong တောအုပ်ထဲ၌ တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က Plai Thang ဟာ ပြင်းထန်တဲ့ trypanosomiasis ရောဂါ သို့မဟုတ် မထနိုင်ဘဲလဲလျောင်းနေရတဲ့ရောဂါကို ခံစားနေခဲ့ရပါတယ်။

ထိုအချိန်မှာ Plai Thang ဟာ ဖျားခြင်း၊ သွေးအားနည်းခြင်း၊ မျက်လုံးများ ရောင်ရမ်းခြင်း၊ ဦးခေါင်း၊ အစာအိမ်နှင့် လည်ပင်းများ ရောင်ရမ်းခြင်း၊ ခြေသလုံးနှင့် နောက်ကျောများ တောင့်တင်းခြင်းစတဲ့ အတော်ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာများစွာကို ခံစားခဲ့ရပါတယ်။ “ ပထမဆုံးတွေ့တုန်းက Plai Thang က အတော်လေး အရိုင်းဆန်တယ်၊ သူ့ခန္ဓာကိုယ်က အားနည်းနေပြီး တခြားဆင်တွေကို မတိုက်ခိုက်နိုင်တော့ဘူး၊ သူ့ကို ကုသဖို့ အချိန်အတော်ကြာပေမယ့် သူက အရမ်း စမတ်ကျပြီး သူ့ကိုယ်သူ ဂရုစိုက်တတ်တာကို သိလိုက်ရတယ်” ဟု တိရိစ္ဆာန်ဆေးကုဆရာဝန်က ပြောပြခဲ့ပါတယ်။

ထို့နောက် Plai Thang အား အမျိုးသားဥယျာဉ်၊ သစ်ပင်ပန်းမန်နှင့် တိရိစ္ဆာန်ဦးစီးဌာနမှ ဝန်ထမ်းများမှ ဆေးကုသရန် Lampang ပြည်နယ် သစ်တောလုပ်ငန်းအဖွဲ့ နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီး လအတော်ကြာ ဆေးကုသမှုခံယူပြီးနောက်မှာ Plai Thang ကို တောထဲပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေါက်တာ Maneeon ဟာ နောက်ဆယ်နှစ်နှစ်မှာ Plai Thang နဲ့ပြန်ဆုံတွေ့ရလောက်အောင် ကံကောင်းသည့်အတွက် ဝမ်းသာစွာ ကျေးဇူးတင်နေခဲ့ပြီး ဒီလိုအချိန်မျိုးက သူ့အလုပ်မှာ အကျိုးအရှိဆုံးဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

” ဒါဟာ အရမ်းထူးခြားတဲ့ အခိုက်အတန့်ပါပဲ ၊ ဒီအဖြစ်အပျက်ကို ဆင်တွေနဲ့အလုပ်လုပ်တဲ့လူတိုင်းက သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ် ” လို့လည်း ဒေါက်တာ ဆက်လက်ပြောကြားခဲ့ပါတယ်။ ဆင်တွေဟာ ထိုင်းနိုင်ငံ၏တရားဝင်တိရိစ္ဆာန်ဖြစ်ပြီး နိုင်ငံအတွင်းနေထိုင်သည့် ဆင်အကောင်ရေပေါင်း ၃,၀၀၀-၄,၀၀၀ ခန့်ရှိပြီး ဤကိန်းဂဏန်းများအနက်မှ အနည်းဆုံးတစ်ဝက်ဟာ အိမ်မွေးတိရိစ္ဆာန်များဖြစ်ပြီး ကျန်တစ်ဝက်မှာ သဘာဝထိန်းသိမ်းရေးစခန်းတွေမှာ နေထိုင်ကြပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "လွန်ခဲ့သည့် ၁၂ နှစ်က သူ့အား သေခြင်းတရားမှ ကယ်တင်ပေးခဲ့တဲ့ တိရိစ္ဆာန်ဆေးဆရာဝန်ကို အမှတ်ရနေသေးတဲ့ အသက် ၃၁ နှစ်အရွယ် ဆင်ကြီး"

Leave a comment

Your email address will not be published.


*