ကားထဲ မတော်တဆ ပိတ်မိသွားခဲ့ပေမဲ့ ကယ်ဆယ်ဖို့ကြိုးစားပေးနေတဲ့ မီးသတ်သမားများကို အထဲကနေ စနှောက်ပြီး ရယ်မောပျော်ရွှင်နေခဲ့တဲ့ ကလေးငယ်

မကြာသေးမီက Kirsty Green အမည်ရှိမိခင်တစ်ဦးဟာ သူမရဲ့ကားသော့ကို မဖြုတ်ဘဲ ကုန်စုံဆိုင်မှဝယ်ထားတဲ့ပစ္စည်းများကို သယ်ယူနေစဉ် သူမရဲ့ အသက် 14 လအရွယ် Brandon Emery အမည်ရှိကလေးငယ်တစ်ဦးကို ကားထဲထားရှိရာမှ ပြဿနာတစ်ခုက အစပြုလာခဲ့ပါတယ်။ အကြောင်းက ကားထဲမှာရှိနေတဲ့ သူမရဲ့သားလေး Brandon က ကားဗဟိုသော့ခလုတ်ကိုနှိပ်ချလိုက်တာကြောင့် သူမရဲ့သားလေးကို အပြင်ခေါ်ထုတ်ဖို့ နည်းလမ်းမရှိတော့တာကြောင့်ဘဲ ဖြစ်ပါတယ်။ “ ပထမတော့ ကျွန်မ သူ့ကို ဘယ်လို ကယ်ထုတ်ရမလဲ ဆိုတာကို တွေးပြီး ထိတ်လန့်နေခဲ့တယ်၊ ကံကောင်းတာက တခြားဈေးဝယ်သူအနည်းငယ်က ကျွန်မကို ကူညီဖို့ အမြန်လာကြပြီး အမျိုးသမီးတစ်ယောက်က အာဏာပိုင်တွေကို ဖုန်းဆက်ပေးခဲ့တယ် “ လို့ မိခင် Kirsty Green က Daily Mail သို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ ၊ Cornwall မြို့ရှိ Bude Community Fire Station မှ ကယ်ဆယ်ရေးအဖွဲ့သားများက အခင်းဖြစ်ပွားရာသို့ အမြန်ရောက်ရှိလာပြီး Brandon လေး လွတ်မြောက်ရန်အတွက် ကားပေါ်သို့ ကိရိယာငယ်များကို စတင်အသုံးပြုခဲ့ကြပါတယ်။

သို့ပေမဲ့ ကားထဲမှာ ပိတ်မိနေတဲ့ Brandon လေးကတော့ အခြားကလေးငယ်တွေလို ထိတ်လန့်ပြီး ငိုယိုနေမဲ့အစား စက္ကန့်တိုင်းကို နှစ်သက်နေခဲ့ပြီး အပြုံးမပျက်နေခဲ့ပါဘူး။ သို့ပေမဲ့ ကံဆိုးတာက Brandon လေးက ကားအတွင်းရှိ အကြွေစေ့နှစ်ပြားကို တွေ့လိုက်ပြီးနောက် ၎င်းရဲ့ပါးစပ်ထဲသို့ ထည့်လိုက်ခြင်းဘဲဖြစ်ပါတယ်။

“ အဲဒါကြောင့် ကျွန်မတို့အားလုံး ထိတ်လန့်သွားခဲ့ကြတယ်၊ ဘုရား.. သူ အသက်ရှူကြပ်သွားမှာကို အားလုံးက စိုးရိမ်နေခဲ့ကြတယ် ” လို့ Green က ထပ်မံ ပြောကြားခဲ့ပါတယ်။

ထို့နောက် မီးသတ်သမားများက မြန်မြန်ဆန်ဆန်တုံ့ပြန်ကာ ကားနောက်ပြတင်းပေါက်ကို ရိုက်ခွဲလိုက်ပြီး Brandon လေးကို သူ့မိခင်ထံသို့ ပြန်လွှဲပေးလိုက်ကြပါတယ်။

.

” မီးသတ်သမားတွေက အံ့ဩစရာကောင်းပြီး သူတို့က Brandon လေးကို အပြင်ကနေ မကြောက်လန့်အောင် ဖျော်ဖြေပေးနေခဲ့ကြသလို Brandon ကလည်း သူတို့ကို ထပ်တူထပ်မျှ ရယ်အောင် လုပ်နေခဲ့တယ် ” လို့ မိခင်ဖြစ်သူ Green က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : 3lstories

Be the first to comment on "ကားထဲ မတော်တဆ ပိတ်မိသွားခဲ့ပေမဲ့ ကယ်ဆယ်ဖို့ကြိုးစားပေးနေတဲ့ မီးသတ်သမားများကို အထဲကနေ စနှောက်ပြီး ရယ်မောပျော်ရွှင်နေခဲ့တဲ့ ကလေးငယ်"

Leave a comment

Your email address will not be published.


*